Thursday, January 28, 2010

ဘ၀လမ်း

ကျွန်တော် အသက် ၁၆ နှစ်နဲ့ ထိုင်းကို ထွက်ခဲ့တယ်။ ဘာမှ လည်း သိပ်မစဉ်းစားဘူး၊ အလုပ်လုပ်မယ်၊ ပိုက်ဆံစုမယ်၊ အိမ်ပို့မယ် ဆိုတဲ့ စိတ်ကူး တစ်ခုပဲ ရှိခဲ့တာလေ။ ပင်ပန်းတယ်၊ ဒုက္ခတွေ့မယ်၊ အခက်အခဲတွေ့မယ်၊ လောကကြီး အကြောင်း ဘာမှနားမလည်ဘဲ လောကဓံကို ရင်ဆိုင်ခဲ့ရတယ်။ လူမျိုးပေါင်းစုံ စရိုက်ပေါင်းစုံ ရှိတဲ့ ယနောင်း ဆိုတဲ့ မြို့လေးမှာ နေပြီး အလုပ်လုပ်ခဲ့တာ လေးနှစ်တောင် ကြာခဲ့တယ်။ လုပ်ဖော်ကိုင်ဘက်တွေက သူလို ကိုယ်လို၊ အတန်းပညာတွေက မူလတန်း၊ အလယ်တန်း၊ သူငယ်တန်းလောက်ပဲ နေခဲ့ကြသူတွေပါ။ လူကြီး၊ လူငယ်၊ လူလတ် အရွယ်ပေါင်းစုံ လေးတွေပါ။ ရိုင်းတဲ့လူ ရှိသလို ရိုးသားတဲ့လူလည်း ရှိခဲ့တယ်။ တစ်ချို့ဆိုရင် စာတောင် မတတ်ဘူးလေ။ အဲဒီလို အရက်သမား၊ ဖဲသမား၊ မိန်းမ လိုက်စားသူတွေ ကြားမှာ ကျွန်တော် ဘယ်လို နေလာခဲ့ရသလဲဆိုတာ ပြောပြပါ့မယ်။



အလုပ်ဂိုထောင်ရဲ့ ဘေးပတ်ဝန်းကျင်တွေမှာ တစ်ချို့က တစ်ကိုယ်ရေ တစ်ကာယ၊ တစ်ချို့က မိသားစုတွေနဲ့ပါ။ သိပ်မလှမ်းမကမ်းလေးမှာက ရဲစခန်း၊ အထဲမှာ အချုပ်ခန်းတွေလည်း အများကြီး ရှိတယ်။ ပတ်ဝန်းကျင် တွေကလည်း ရန်ဖြစ်ကြလို့ ရိုက်ပွဲ သတ်ပွဲတွေက ခဏခဏ တွေ့ကြုံနေရတယ်။ တစ်နေ့တော့ ထိုင်းရဲတွေက ပတ်ဝန်းကျင်က တဲတန်းလျားတွေကို ၀ိုင်းပြီး ဖမ်းကြတာလေ။ ကလေးတွေက ငိုယိုလို့၊ လူကြီးတွေက ထွက်ပြေးလို့ပေါ့။ ကလေးတွေရဲ့ ငိုသံတွေနဲ့၊ လူကြီးတွေရဲ့ အော်သံတွေက ကျွန်တော့်ရင်ကို ထိတ်လန့်စေခဲ့တယ်။ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းထဲက ကလေးတွေကို ကြည့်ပြီး ကျွန်တော် သံဝေဂ ရခဲ့တယ်။



အရက်သောက်သူကိုကြည့်ပြီး ဒီလူဟာ အရက်ကို မသောက်ဘဲနေရင် သိပ်ကောင်းမှာ ပဲ.. အရက်ရောင်းသူကလည်း အရက်ရောင်းပြီး စီးပွား မရှာရင်ကော၊ ဒီလောကကြီး၊ ဒီကမ္ဘာကြီးမှာရော အရက်ဆိုတာ မရှိခဲ့ရင်ကော.. သိပ်ကောင်းမှာပဲလေ ဆိုပြီး စဉ်းစားခဲ့တယ်။ ရိုက်ပွဲသတ်ပွဲ၊ ရန်ဖြစ်သူတွေကလည်း တစ်ယောက်နဲ့ တစ်ယောက် နားလည်ခွင့်လွှတ်ပြီး သဘောထား ကြီးကြီး.. သူတို့ရဲ့ စိတ်ထဲရှိကြရင် သိပ်ကောင်းမှာပဲ။



တစ်ခါတစ်ခါ ပင်လယ်ထဲမှာ လေမုန်တိုင်း တိုက်လို့.. လှေတွေမှောက်၊ လူတွေသေနေကြတဲ့ အဖြစ်အပျက်တွေကိုလည်း ခဏခဏပဲ ကြားနေရတယ်။ ကျွန်တော် ညအိပ်ယာဝင်တိုင်း ဘုရား ရှိခိုးပြီးတိုင်း စဉ်းစားတယ်။ လောကကြီးမှာ ဒီလိုလူဆိုး၊ လူရိုင်း၊ အဖြစ်အပျက်ဆိုးတွေ မရှိရင် သိပ်ကောင်းမှာ ပဲလေ။ ဒီလိုအဖြစ်အပျက်ဆိုးတွေကို လူတွေက လုပ်တာလား၊ လောကကြီးက လုပ်တာလား။ ဘယ်သူက မတရားတာလဲ ဘယ်ဟာက မတရားတာလဲ ဆိုပြီး ကိုယ့်အတွေးနဲ့ ကိုယ် စဉ်းစားကြည့်လိုက်တော့ ကျွန်တော့်စိတ်ထဲမှာ ဘယ်အရာကိုမှ အပြစ်မမြင်ဘူး။ လူတွေကိုလည်း အပြစ်မမြင်သလို၊ လောကကြီးကိုလည်း အပြစ်မမြင်ဘူး။ တစ်နေ့တော့ ကျွန်တော်က ဈေးဝယ်ရင်း အင်္ကျီတွေ ၀ယ်ဖို့ လမ်းလျှောက်ထွက်ခဲ့တယ်။ ရဲစခန်းရှေ့ကို ဖြတ်ကျော် သွားရတယ်။ ရဲစခန်းရဲ့ အထဲမှာ အချုပ်ကားပေါ်ကနေ ဖမ်းလာတဲ့ သူတွေကို ကျွန်တော် လှမ်းကြည့်လိုက်တော့ အသက် ငါးဆယ် ခြောက်ဆယ် သက်ကြီး ရွယ်အိုတွေနဲ့ အမိဝမ်းထဲက လောကကြီးကို ရောက်မလာသေးတဲ့ ကိုယ်ဝန်ဆောင် မိန်းမကြီးတွေပါ တွေ့လိုက်ရတော့ ကျွန်တော် မျက်ရည်တွေပါ စီးကျလာခဲ့ ရတယ်။



တစ်နေ့ထက်တစ်နေ့ သံဝေဂတွေပဲ ဖိစီးနေခဲ့တယ်။ လူတွေက ရက်စက်တာလား၊ လောကကြီးက မတရားတာလား ဆိုပြီး စဉ်းစားနေ ခဲ့တယ်။ လူတွေကိုလည်း ဒုက္ခတွေ မခံစား စေချင်ဘူး၊ အဖြစ်ဆိုးတွေလည်း မခံစားစေချင်ဘူး။ လောကကြီးမှာလည်း ဒီလို အဖြစ်အပျက်ဆိုးတွေ မရှိစေချင်ဘူး။ အဲဒီတော့ သံဝေဂဆိုတာ လူတွေကိုလည်း အပြစ်မမြင်ဘူး၊ လောကကြီးကိုလည်း အပြစ်မမြင်ဘူး၊ ဒုက္ခတွေ အဖြစ်ဆိုးတွေကို မရှိစေချင်ဘူး မမြင်စေချင်ဘူး မတွေ့စေချင်ဘူး ဆိုတာပါ။ ကျွန်တော် အခါ နှစ်ဆယ်လောက် အလိမ်ခံ ထိဖူးပါတယ်။ ဒါပေမယ့် ကျွန်တော် ဘယ်သူ့ကိုမှ စိတ်ထိခိုက် နာကျင်အောင် မလိမ်ညာခဲ့ဖူးပါဘူး။ ကျွန်တော့်ဘ၀က သူများပေးတာစား၊ သူများ ခိုင်းတာလုပ် ဆိုတော့ အကြိမ်ပေါင်းများစွာ အပြောခံခဲ့ရ ဖူးပါတယ်။ ဒါပေမယ့် ကျွန်တော်က ဘယ်သူ့ကိုမှ စိတ်ထိခိုက် နာကျင်အောင်၊ မျက်ရည်ကျအောင် မပြောဆိုခဲ့ဖူး ပါဘူး။ လမ်းပေါ်မှာလည်း အိပ်ခဲ့ဖူးတော့ သူများအထင်သေး အမြင်သေး ခံခဲ့ရဖူးပါတယ်။ ဒါပေမယ့် ကျွန်တော်က ဘယ်သူ့ကိုမှ အထင်သေး၊ အမြင်သေးနဲ့ တစ်ဦးတစ်ယောက်ကိုမှ မကြည့်ခဲ့ဖူးပါဘူး။ သံဝေဂဆိုတဲ့ သဘောတရားလေးက ကျွန်တော့်အသွေးအသားထဲကို ရိုက်နှက်ထား သလိုပဲ။ မကောင်းတာ လုပ်ဖို့၊ မကောင်းတာ ပြောဖို့၊ မကောင်းတာ ကြံစည်ဖို့ ကြံတိုင်း ကျွန်တော့်ရဲ့ စိတ်တွေက မလုပ်ရဲဘူး ဖြစ်နေခဲ့တယ်။ ရက်စက်ခြင်း၊ မုန်းတီးခြင်း၊ အညှိုးအတေးတွေ၊ ယှဉ်ပြိင်မှုတွေ၊ မာန်မာနတွေက လူတိုင်းရဲ့ ရင်ထဲမှာ မရှိစေချင်သလို၊ ကျွန်တော့်မှာလည်း မရှိချင်ဘူး၊ လုံးဝလည်း မထားချင်ဘူး။ ရှေ့မှာ ဖော်ပြခဲ့တဲ့ အတိုင်းပါပဲ၊ လူတွေကိုလည်း အပြစ် မမြင်သလို လောကကြီးကိုလည်း အပြစ်မမြင်ပါဘူး။ ဒါဆိုရင် ဘာကို အပြစ်မြင်ပြီး မုန်းတီးနေတာလဲလို့ ကိုယ့်ကိုယ်ကို စဉ်းစားကြည့်လိုက်တော့ ရက်စက်ခြင်း၊ မုန်းတီးခြင်း၊ အညှိုးအတေးတွေ ယှဉ်ပြိုင်မှုတွေ၊ မာန်မာနတွေကို ကျွန်တော်က မုန်းနေတာပါ။ ကျွန်တော် မုန်းတယ်ဆိုတဲ့ အရာတွေက ကျွန်တော့်ရဲ့ စိတ်ထဲမှာ ဖြစ်ပေါ်လာရင် ကျွန်တော် ဖမ်းဆုပ်ထားချင်ပါ့မလား။



ကျွန်တော် အသက် ၁၄ နှစ်အရွယ်ကတည်းက သွန်သင် ဆုံးမမှုရဲ့အောက်မှာ မနေလာခဲ့ရတာ ခုဆိုရင် ၁၄ နှစ်ရှိပါပြီ။ လောကဓံက သွန်သင် ဆုံးမခဲ့လို့ လောကကြီးကိုတော့ ကျွန်တော် အကျိုးပြုရမယ်လို့ ထင်ပါတယ်။ အဲဒီတော့ ကျွန်တော်က လောကကြီးကို ဘာအကျိုးတွေ ပြုရမှာလဲ..။ သင်ကြားပေးခဲ့တဲ့ ဆရာတွေ ရှိသလို ကိုယ့်ဘ၀ကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ မိဘတွေ ရှိတယ်။ ကိုယ့်ကို ကူညီစောင့်ရှောက်တဲ့ ညီအစ်ကို မောင်နှမတွေ ရှိသလို၊ သူငယ်ချင်း မိတ်ဆွေတွေ ရှိတယ်။ အဲဒီတော့… သူတို့ဟာ လူတွေပါ။ သူတို့ရဲ့ ကျေးဇူးတရားတွေကို နားလည်ရင်၊ သူတို့ကို ကျေးဇူး ပြန်ဆပ်နိုင်ခဲ့ရင်၊ သူတို့ရဲ့မေတ္တာတရားကို တန်ဖိုးထားခဲ့ရင်၊ သူတို့ကို အကျိုးပြုခဲ့ရင် လူတွေကိုလည်း အကျိုးပြုတာနဲ့ အတူတူပါပဲလေနော်။ လူတစ်ဦး တစ်ယောက်မှ ကျွန်တော့်အပေါ် အငြှိုးအတေးတွေ မရှိခဲ့ရင်၊ ကျွန်တော်ကလည်း လူ တစ်ဦးတစ်ယောက် ကိုမှ အငြှိုးအတေးတွေ မရှိခဲ့ရင် ကမ္ဘာပေါ်မှာ ရှိတဲ့လူတွေက ကျွန်တော့်ကို မမုန်းရင်၊ ကျွန်တော်ကလည်း ဘယ်သူ့ကိုမှ မမုန်းရင် ကျွန်တော်ဟာ လူတွေကို အကျိုးပြုနေတဲ့ လူတစ်ယောက် ပါပဲနော်။ လောက အကျိုးကိုလည်း ကျွန်တော် တစ်နေ့နေ့မှာ သယ်ပိုး နိုင်လိမ့်မယ်လို့လည်း ကျွန်တော့်ကိုယ် ကျွန်တော် ယုံကြည်ပါတယ်။



လောကကြီးက ကျွန်တော့်ဘ၀ကို ဒီလို ဖန်တီးပေးခဲ့လို့လည်း ကျွန်တော့်ဘ၀ကို ကျွန်တော် ကျေနပ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပေးဆပ်ခွင့်တွေ အများကြီး ရှိသလို၊ ဖန်တီး လုပ်ဆောင်နိုင်စွမ်းတွေလည်း ရှိတယ်။ အကျိုးပြုနိုင်စွမ်းတွေလည်း ရှိတယ်၊ ရယူ ပိုင်ဆိုင်နိုင်စွမ်း တွေလည်း အများကြီး ရှိပါတယ်။ တစ်ချို့သော သူတွေမှာ တကယ် ပြုစုလုပ်ကျွေး စောင့်ရှောက်ချင်ပါတယ် ဆိုတာတောင် မိဘတွေက မရှိရှာကြဘူး။ ကျွန်တော့်မှာက မိရော ဖရောသာမက အဘိုး အဘွားတွေပါ ရှိကြသေးတာလေ။ တကယ် ထူးမြတ်တဲ့ ပါရမီကို ဖြည့်ခွင့်ရအောင် ကျွန်တော် ကြိုးစားမှာပါ။ နောက်ဆုံး.. ပိုင်ဆိုင်ရမယ့် အခွင့်အရေး မရရင်တောင် လိုချင်တာ ပိုင်ဆိုင်ချင်တာ ဘာတစ်ခုမှ မရခဲ့ရင်တောင် ပေးဆပ်ရင်းနဲ့ အသက်ရှင်ပြီး ပျော်ရွှင်နိုင်ဖို့ အတွက် ကိုယ့်စိတ်ကို လှည့်ပြောင်းလိုက် ရုံပါပဲ။ စိတ်ကို ပြောင်းကြည့်ဖို့ ဆိုတာ သူများအတွက် တော်တော်ခက်ပေမယ့် ကျွန်တော့်အတွက်တော့ လွယ်နေပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ စိုးရိမ်စရာ၊ ပူပင်စရာ၊ ထိတ်လန့်စရာတွေက ကြုံခဲ့ပေါင်း များနေခဲ့လို့ပါပဲ။



ကျွန်တော့် မိဘတွေကစာမတတ် ဘူးလေ။ ဒါပေမယ့် ကျွန်တော် ငယ်ငယ်ကတည်းက အဖေဟာ တရားထိုင်တယ်၊ ပုတီးစိပ်တယ်၊ ဥပုသ်စောင့်တယ်။ အရက်သေစာ မပြောနဲ့၊ ဆေးလိပ်တောင် မသောက်ပါဘူး။ အမေကတော့ ကျွန်တော် ပြောသမျှ အားလုံး ယုံတယ်လေ။ ဘာဖြစ်လို့လဲ ဆိုတော့ ဘယ်မှ မသွားတတ်၊ မလာတတ်ဘူး။ ဗဟုသုတ နည်းတာ မဟုတ်ပါဘူး၊ ရှိကို မရှိတာပါ။ ဒါကြောင့်မို့ ကျွန်တော့် မိဘနှစ်ပါးကို ကျွန်တော် လမ်းပြခွင့် ရတာလေ။ ဒီလို အခွင့်အရေးမျိုးကို ကျွန်တော် လက်လွှတ်ဆုံးရှုံး မခံနိုင်ပါဘူး။ လောကရဲ့ စည်းစိမ်ကိုလည်း ပေးနိုင်ရမယ်။ တရားဓမ္မနဲ့ ပတ်သတ်လို့လည်း ၀ိပဿနာ တရားတွေကို ကောင်းကောင်းကြီး သိစေချင်ပါတယ်။



လောကမှာ သင်ကြားလာခဲ့ရတယ်၊ သိတယ်၊ တော်တယ်၊ တတ်တယ် ဆိုပေမယ့်လည်း ထွက်သက် ၀င်သက်နဲ့ ၀ိပဿနာ သဘောတွေကို မသိမှတ် သွားရှာရဘူးဆိုရင် အဲဒီလူဟာ လူဖြစ်ရတာ မတန်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ လောကမှာ ဘာမှ မသင်ကြားလာရဘူး၊ မသိဘူး၊ မတတ်ဘူး ဆိုပေမယ့်လည်း ၀ိပဿနာတရားကို နားလည် သဘောပေါက်ပြီ၊ သိသွားပြီ ဆိုရင် လူဖြစ်မရှုံးဘူးလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း ကြိုးစား အားထုတ်ဖူးပါတယ်။ စိတ်ဓါတ်ကျ စိတ်ညစ်လာတဲ့ အခါတွေတိုင်း ကျွန်တော် တရားထိုင်ပါတယ်။ ဒီတရားတွေရဲ့ ကျေးဇူးကြောင့်လည်း ကျွန်တော့်ဘ၀ရဲ့ လောကဓံက ဘယ်လောက် ခက်ခဲခက်ခဲ ကျွန်တော် အဖြူစင်ဆုံး၊ အရိုးရှင်းဆုံး လျှောက်နေပါတယ်။ ကျွန်တော့်ဘ၀ လမ်းမှားကို မရောက်အောင် လမ်းပြခဲ့တာတော့ စာအုပ် စာပေပါပဲ။ ကျွန်တော့်အတွက် တန်ဖိုးအကြီးဆုံး စာအုပ်က ဆရာတော် ဦးဇောတိကရဲ့ မေတ္တာဆိုတာ ဘာလဲ- မေတ္တာတရား လမ်းပျောက်ရာမှ လမ်းမှန်ပေါ်ပေါက်လာသူ ဆိုတဲ့ စာအုပ်ပါပဲ။ ဆရာတော်ကြီး ပျံလွန်တော် မမူခင် ဖူးခွင့်ရပါလို၏ လို့လည်း ကျွန်တော် ဆုတောင်းပါတယ်။ နောက် ဘလော့ဂါ ညီအစ်ကို မောင်နှမတွေ အားလုံးဟာလည်း ကျွန်တော့်ဘ၀ သန်းခေါင်ယံကို လမ်းပြပေးတဲ့ ကြယ်ပွင့်လေးတွေ ဆိုတာ ဘယ်လိုမှ ငြင်းနိုင်ဖွယ် မရှိပါဘူး။



ကျွန်တော် လူတစ်ယောက် တွေ့ဖူးပါတယ်။ သူက ကလေးနှစ်ယောက် အဖေပါ။ ထိုင်းကနေတစ်ဆင့် မလေးကိုလာပြီး အလုပ်လာလုပ်ပါတယ်။ သူက အရက်တွေသောက်၊ ထီတွေထိုး၊ ချဲတွေထိုး၊ သူ့အကြောင်းကို ကျွန်တော် မေးကြည့်တော့ ကျွန်တော့်ကို ပြောပြပါတယ်။ သူ မလေးရှားကို လာပြီး တစ်နှစ်လောက် ကြာတော့ မြန်မာပြည်က သူ့မိန်းမကို လှမ်းခေါ်လိုက်ပါတယ်။ သူ့မိန်းမလည်း ပွဲစားနဲ့ လိုက်လာပါတယ်။ ဒါပေမယ့် တစ်လလောက် ကြာလည်း သူ့ဆီ ရောက်မလာခဲ့ ပါဘူး။ ဘယ်ကို ရောက်နေလဲ ဆိုတာလည်း ဆက်သွယ်လို့ မရပါဘူး။ သူ့ခမျာ ပူပင်သောကတွေ၊ ခံစားမှု ဝေဒနာတွေကို အရက်နဲ့ပဲ ဖြေသိမ့်နေရ ပါတယ်။ နောက် တစ်လလောက် ကြာတော့ သူ့မိန်းမ ရူးကြောင်ကြောင်၊ ပေါသွပ်သွပ်နဲ့ ရွာပြန်ရောက်နေပြီတဲ့..။ သူ ရွာကို ဖုန်းဆက်ပြီး မေးကြည့်တော့ အောက်လမ်းနဲ့ လုပ်ကြံခံရတယ်ပဲ သူသိရပါတယ်။ ဒါပေမယ့် လမ်းမှာ သူ့မိန်းမ ဘာတွေ ဖြစ်ပျက်ခဲ့သလဲ ဆိုတာ သူလုံးဝ မသိရပါဘူး..။



အဲဒီလို သူ့မိန်းမကို သူ စွန့်လွှတ် ဆုံးရှုံးခဲ့ရပြီး.. ဒီအဖြစ် အပျက်တွေက ကျွန်တော်နဲ့ တွေ့တော့ တစ်နှစ်လောက် ကြာမြင့်ခဲ့ပါပြီ။ ဒါပေမယ့် သူက ပိုက်ဆံလည်း မစု၊ အရက်တွေပဲ သောက်နေခဲ့ တော့တာ။ ကျွန်တော်က သူ့ကို မေးလိုက်ပါတယ်။ အစ်ကို့မှာ မိန်းမတစ်ယောက် ဆုံးရှုံးလို့ အိမ်ထောင်တစ်ခုလည်း ပျက်ဆီးပြီးပြီ။ ဒါပေမယ့် အစ်ကို့မှာ ကလေးနှစ်ယောက် ရှိတယ်နော်လို့ ကျွန်တော်က ပြောလိုက်ပါတယ်။ အဲဒီ အစ်ကို့ကလေး နှစ်ယောက်ကို ပြုစုပျိုးထောင်ရမယ့် တာဝန်တွေ ရှိတယ်၊ အစ်ကို့သား နှစ်ယောက်ကို အစ်ကို တကယ် မချစ်ဘူးလားလို့ ကျွန်တော်က မေးကြည့်လိုက်ပါတယ်။ သူက ဟာ ချစ်တာပေါ့ ကွာတဲ့။ ဒါဆိုရင် အစ်ကို့ဘ၀မှာ ဖြစ်ချင်တာတွေ၊ လုပ်ချင်တာတွေ၊ ပိုင်ဆိုင်ချင်တာတွေ အားလုံး ဘာတစ်ခုမှ မရခဲ့ပေမယ့်၊ ဆုံးရှုံးစွန့်လွှတ်လိုက်ရ ပေမယ့် အစ်ကို့ သားသမီးနှစ်ယောက်ကို ပညာစုံအောင်၊ လူဘုံအလယ်မှာ မျက်နှာပန်း လှအောင်၊ အစ်ကို့ဘ၀ ဆုံးရှုံးခဲ့ပေမယ့် အစ်ကို့ သားသမီး နှစ်ယောက်ရဲ့ ဘ၀ မဆုံးရှုံးသင့်တာတွေ မဆုံးရှုံးရအောင် အစ်ကို လုပ်မပေးချင်ဘူးလား လို့ ကျွန်တော် မေးကြည့်လိုက်ပါတယ်။ သူက လုပ်ပေးချင်တာပေါ့ကွာ တဲ့။ ဒါဆိုရင် အစ်ကို့ရဲ့ စိတ်ခံစားမှု ဝေဒနာတွေ ပျောက်အောင် အစ်ကို အရက်သောက်နေတာ မဟုတ်လားလို့ ကျွန်တော် မေးကြည့်လိုက် ပါတယ်။ သူက ပြုံးစိစိနဲ့ ခေါင်းညိတ်နေခဲ့တယ်။ အေးလေ ဒါဆိုရင် အစ်ကို့ စိတ်ချမ်းသာအောင် အစ်ကို လုပ်နေတာနဲ့ အတူတူပါပဲ။ အစ်ကို့ သားသမီးကို မေတ္တာစစ် မေတ္တာမှန်နဲ့ ချစ်နေတာ မဟုတ်ဘူး။ အစ်ကို စိတ်ချမ်းသာအောင် အစ်ကို ခံစားမှု ဝေဒနာတွေ ပျောက်အောင် အစ်ကို ဖြေသိမ့်နေတာ.၊ အစ်ကို့ကိုယ် အစ်ကိုပဲ ချစ်နေတာပါ။ အစ်ကို့ သားသမီးကို တကယ်ချစ်တာ မဟုတ်ဘူးနော် လို့ ပြောလိုက်ပါတယ်။ သူ့ကို စစ်မှန်တဲ့ မေတ္တာတရား အကြောင်းကို တော်တော်များများ ရှင်းပြလိုက် ပါတယ်။ နောက် ကျွန်တော်က ပြောလိုက်ပါ သေးတယ်။ အစ်ကို့ လစာ တစ်ဝက်ကိုစု တစ်ဝက်ကို သုံးပေါ့။ ငါးနှစ်လောက် ဆိုရင် အစ်ကိုမြန်မာပြည် ရွာကို ပြန်နိုင်ပြီပေါ့လို့ ပြောလိုက်တော့.. သူက ငါးနှစ် မပြောနဲ့၊ လစာ တစ်ဝက် မပြောနဲ့၊ တစ်ပြားမှ မကျန်ဘူးတဲ့..။ ကျွန်တော်လည်း သူ့ကို ကြည့်ပြီး စိတ်ပျက်ရုံပဲ ရှိတော့တယ်။ စိတ်ထဲကတော့ ဆုတောင်းပေးလိုက်ပါတယ်၊ စစ်မှန်တဲ့ မေတ္တာတရားကို နားလည်နိုင်ပါစေ.. လို့..။

မှတ်ချက်။ ။စစ်မှန်တဲ့ မေတ္တာတရားကို မထားနိုင်ကြတဲ့ လူတွေဟာ ပျက်စီးသွားကြ တာပါ။
ထိုက်ဦး...ညီကိုဖိုးသားကူညီရေးပေးသည်။

4 comments:

ချစ်ကြည်အေး said...

တရားအားထုတ် ပြီး အနဲဆုံးတော့ အကြောင်းကြောင့် အကျိုးဖြစ် ဆိုတာလောက် သိရင်ကိုပဲ လူဖြစ်ရတာ တန်နေပြီ...အပါယ်တံခါး ပိတ်တဲ့ သောတာပန် အဆင့်ထိ စိတ်ချရရင်တော့ အကောင်းဆုံးပါပဲ...

nyanadipa said...

ဒကာတော် ကိုထိုက်ဦးရဲ့ ဆောင်းပါးလေးက ကိုယ်တိုင်ခံစားချက်နဲ့ ရေးထားတာ ဆိုတော့ အနှစ်သာရ ပါ ပါတယ်။ လူတိုင်းဟာ အရာရာတိုင်းကို ပညာနဲ့ သင်ခန်းစာယူပြီး ပြူပြင်သွားကြမယ် ဆိုရင်တော့ အတိုင်းထက် အလွန်ပါပဲ။ ဒါဆိုရင် လောကဓံကို တစ်ဖက်တစ်လမ်းက အနိုင်ယူနိုင်သွားမှာပါ...

ကိုဇော် said...

မင်္ဂလာပါ။

ကျနော်လည်း အရင်က အရက်ကို တော်တော် သောက်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ကျနော့်မှာ အကြောင်းပြချက်နဲ့ ဘယ်တော့မှ မသောက်ဘူး။
အဲ အကြောင်းပြချက် ပေးရမယ် ဆိုရင်တော့ ကြိုက်လို့ သောက်တာလို့ပဲ ပြောရမယ်။
ဒါကြောင့် အခု လုံးဝ မသောက်ပဲ နေနိုင်ခဲ့တာ။
ကျနော်လည်း ရေးပါဦးမယ်ဗျာ..။
ဆက်ရေးပါ..အားပေးနေပါတယ်။

ကိုဇော်
http://zaw357.multiply.com
.

ပေါ့ဆိမ့် (ဆင်တဲကဖေး) said...

ဘ၀တွေအကြုံလေးဖတ်ရတာ ကိုယ်ချင်းစာမိပါတယ်ဗျာ။ ကျတော်လည်း ဆရာတော် ဦးဇောတိက တရားတော်တွေကြောင့် အသိဥာဏ်တွေ ဖွံ့ဖြိုးခဲ့ရဖူးပါတယ်။