Sunday, August 23, 2009

ဘ၀ထဲက လှေငယ်များ

တစ်ခါက လယ်သမားတစ်ဦးသည် အခြားရွာတစ်ရွာသို့ ခရီးထွက်ရန် အကြောင်းဖန်လာသည်။ သူသည် ထိုရွာသို့ ပထမဆုံးအကြိမ် သွားရောက်ခြင်းဖြစ်ပြီး ခရီးမှာ ခြေကျင်ခရီးဖြစ်သည်။ ထိုရွာသို့သွားရောက်ရန် တောအုပ်တစ်ခုကို သူဖြတ် ပြီးနောက် မြစ်တစင်းကို ထပ်ဖြတ်ရမည်ဖြစ်သည်။ မြစ်ကိုမဖြတ်ဘဲ ကွေ့ပတ်သွားမည်ဆိုပါက တောင်တစ်တောင်ကို ဖြတ်ရမည်ဖြစ်သည်။

ရေစီးသန်သော မြစ်ကို ဖြတ်မည်လော..? မတ်စောက်သော တောင်ကို ကျော်ဖြတ်ရမည်လော..? ဆုံးဖြတ်ရ ခက်နေချိန်တွင် အနီးရှိ သစ်ပင်တစ်ပင်ကို သူတွေ့မိသည်။ သူသည် ကိုယ်ပေါ်တွင် အသင့်ပါလာသော ပုဆိန်ဖြင့် သစ်ပင်ကို ခုတ်ပြီး အပေါ့စား လှေငယ်တစ်စီး ဖန်တီးလိုက်သည်။ မြစ်ကို ဖြတ်ဖို့ ဖြေရှင်းနိုင်ခဲ့သဖြင့် လယ်သမားမှာ ၀မ်းသာမိသည်။ လှေကို လှော်ပြီး တစ်ဖက်ကမ်းသို့ သူကူးခဲ့သည်။

ကမ်းပေါ်တက်ပြီးနောက် ခရီးဆက်ဖို့ သူပြင်ပြန်သည်။ သို့သော် အသုံးဝင်သော ထိုလှေငယ်ကို ထားခဲ့ရမှာ သူနှမြောမိသည်။ ခရီးရှေ့တစ်ထောက်တွင် မြစ်များ ချောင်းများတွေ့ခဲ့လျှင် လှေအသစ်တစ်စီးကို သူထပ်လုပ်ရ ဦးမည်။ ထို့ကြောင့် လှေကို လိုအပ်လျှင်သုံးရန် သူနှင့်တစ်ပါးထဲ ယူဆောင်လာခဲ့သည်။ လေးသောလှေကို ထမ်းထားရသောကြောင့် လယ်သမားမှာ မောပန်းပြီး ခရီးမသွင်ခဲ့ချေ။ ခရီးဆက်ရင်း နားရင်း တစ်ခါတစ်ရံ ထိုလှေကို စွန့်ပစ်ခဲ့ဖို့ သူ စဉ်းစားမိသည်။

သို့သော် ရှေ့တွင် မြစ်တစ်စင်းရှိခဲ့သော်..? ထမ်းလာရသည်မှာ ခရီးတစ်ဝက်ပင် ကျိုးနေပြီဖြစ်သောကြောင့် စွန့်ခဲ့ရမှာလဲ နှမြောမိပြန်သည်။ နေထွက်မှ နေ၀င် ထိုလှေကို ထမ်းပြီး ခရီးဆက်ခဲ့ပြန်သည်။ လမ်းခရီးတစ်လျောက်တွင် မြစ်ချောင်းများ ခြားထားခြင်း မရှိတော့ဘဲ ဖြောင့်ဖြောင့် ဖြူးဖြူးဖြင့် လိုရာခရီးသို့ ရောက်သွားခဲ့သည်။ သို့သော် လိုအပ်သော အချိန်ထက် သုံးဆကုန်ပြီးမှ ရောက်ခဲ့ရသည်။

မိမိဘ၀လမ်းခရီးသည် ဖြောင့်ဖြူးမည်၊ ကွေ့ကောက်မည်၊ ချိုင့်ဝှမ်းပေါမည်၊ ရေစီးသန်သော မြစ်ချောင်းများ ခံနေမည်၊ မတ်စောက်သော တောင်များ ကာဆီးနေမည်ဟု မည်သူမျှ မခန့်မှန်းနိုင်ခဲ့ပါ။ သို့သော် ထိုလမ်းခရီးကို ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်လျောက် မည်လော..? လေးသောလှေကို ထမ်းပြီးလျောက်မည်လော...? လူတိုင်း တွင် “ရွေးချယ်” ပိုင်ခွင့်များရှိသေးသည်။

အချို့က အိုးအိမ်ကိုစွန့် မိသားစုကိုစွန့်ပြီး “နာမည်” နှင့် “ဂုဏ်ပကာဓန” နောက်လိုက်ကြသည်။ ထိုသူများသည် လှေအစီးပေါင်းများစွာကို ထမ်းထားသော လူနှင့်တူသည်။ ထိုအရာများကို စွန့်ခဲ့သော် ဘ၀လမ်းကို လျှောက်လှမ်းရာတွင် ပျော်ရွှင်ပေါ့ပါးနေမည်ဖြစ်သည်။

ထို့အတူ လူတိုင်းတွင် ဖြစ်တတ်သော စိတ်ခံစားချက်များသည်လည်း “လှေတစ်စီး”နှင့် တူနေသည်။ ထိုအရာများကို “ကန့်သတ်”မှုအဖြင့် အမြဲတမ်း ထမ်းပိုးထားရန် မသင့်ပေ။ ထိုအရာများမှာ “ရန်ငြိုး၊ မနာလို မုန်းတီးခြင်း၊ ဒေါသ” စသော လှေများဖြစ်သည်။ မိမိဘ၀လမ်းခရီးတွင် ထိုလှေများကို စွန့်ပစ်တတ်ခဲ့လျှင် ရှေ့ဆက်ရမည့် လမ်းကို လေချွန်ပြီး ပေါ့ပေါ့ပါးပါးနှင့် လျှောက်လှမ်းနိုင်မည် ဖြစ်သည်။


ရေးသူနာမည်မပါ အင်တာနက်ပေါ်တွင် ဖတ်မိသော စာတစ်ပုဒ်ဖြစ်သည်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။
original post from : http://www.youthwant.com.tw

No comments: