Thursday, November 12, 2009

ဆရာတော်ဦးဇောတိကတရားတော်မှ

လောကဓံဆိုတာ အကောင်းလည်း လောကဓံပဲ။ အဆိုလည်းလောကဓံပဲ။ များသောအားဖြင့် အဆိုးကိုပဲ လောကဓံလို့ ပြောကြတာများပါတယ်။ အကောင်းနဲ့ ကြုံနေရတဲ့ အခါကြတော့ ငါ့မှာ လောကဓံနဲ့ ကြုံနေရတယ်လို့ မပြောကြဘူး။ အကောင်းကို လောကဓံလို့ မထင်ဘူး။ သို့သော် ဘဝမှာ ကြုံတွေ့နေရတာဟာ အဆိုးတွေက တော်တော်များပါတယ်။ အဲဒါတွေကို သတိနဲ့ ဉာဏ်နဲ့ ကြည့်ပြီးတော့ သိပြီးတော့ နေကြမယ်ဆိုရင် အဲဒီ အဆိုးတွေရဲ့ ဒဏ်ရာဒဏ်ချက်တွေကို ခံရတာ သက်သာမယ်။ အခြွေအရံများခြင်း အခြွေအရံနည်းခြင်းကို အရင်ကလည်းပြောဖူးပါတယ်။ နောင်တစ်ခေတ်မှာ လူတွေ တွေ့ကြုံရမယ့် ဒုက္ခ တွေထဲမှာ အကြီးဆုံးဒုက္ခက ဘာလဲဆိုတော့ အပေါင်းဖော်မရှိခြင်းပဲ။ အခုလည်း ကြုံနေရပါပြီ။ ယေဘုယျ လောကကြီးထဲ ကြာလေများလေ ဖြစ်လာနေတာ လူဦးရေများလာသလောက် လူတွေအဖော်မဲ့ အထီးကျန် ပိုဖြစ်လာပါတယ်။ အပျော်အပါးတွေ လည်းအခုခေတ်မှာ ပိုများလာပါတယ်။ အပျော်အပါးများလာသလောက် အဖော်လည်းပိုပြီး မက်လာကြပါတယ်။
အနောက်နိုင်ငံမှာတော့ တော်တော်လေး ဒီအခက်ခဲတွေကို တွေ့ရတာ တော်တော်လေး ကြာနေပါပြီ။ အနောက်နိုင်ငံက ပညာရှိအချို့ကလည်း ဒီအခက်ခဲ ဒုက္ခ တွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ သူတို့ဟာသူတို့နည်းလမ်းတွေ ရှာနေကြပါတယ်။ သို့သော် ပြည့်စုံတယ်လို့တော့ မရှိပါဘူး။ ဘယ်တော့မှ မပြည့်စုံဘူး။ သူတို့ဆီက ကောင်းတဲ့ နည်းတွေကိုလည်း ယူရမှာပဲနော်။ ဘုန်းဘုန်းငယ်ငယ်က စာအုပ်ကလေးတစ်အုပ် ဖတ်ဖူးတာရှိတယ်။“My crowded loneliness ” အဓိပ္ပါယ်က လူတွေအများကြီးထဲမှာ နေပြီးမှ အထီးကျန်ဖြစ်နေတဲ့ဘဝ လို့ ဆိုလိုပါတယ်။ အင်မတန်စဉ်းစားဖို့ ကောင်းတယ်နော်။ လူမရှိလို့ အထီးကျန်ဖြစ်တာ မဟုတ်ဘူးနော်.. ကိုယ့်အနားမှာ လူတွေအများကြီးရှိနေပေမဲ့လည်း ကိုယ်ဟာအထီးကျန်အဖော်မဲ့ ဖြစ်နေပါတယ်။ ဒီအကြောင်းနဲ့ပက်သက်လို့လဲ အနောက်နိုင်ငံက ပညာရှင်များပြောတာကိုလည်း ထည့်စဉ်းစားစေချင်ပါတယ်။ မြတ်စွာဘုရားဟောတော်မူတဲ့ သတိပဋ္ဌာန်ကြီးနဲ့လည်း ဒါကိုဘယ်လိုရင်ဆိုင်ဖြေရှင်း ရမလဲဆိုတာကိုလည်း စဉ်းစားစေချင်ပါတယ်။ လက်တွေ့လည်း လုပ်ကြည့်စေချင်ပါတယ်။ လူတွေအများကြီးရှိနေပေမယ့် အဖော်မဲ့သလို ဖြစ်နေတဲ့ ခံစားမှုမျိုး ကြုံဖူးကြမှာပါပဲ။
ဘယ်သူပဲဖြစ်ဖြစ် တစ်ဖြည်းဖြည်းနဲ့ အနည်းနဲ့ အများ အဖော်မဲ့နေသလို အထီးကျန်နေသလိုမျိုးဟာ ကြုံတွေ့ရတတ်ပါတယ်။ အချို့လူတွေဟာ အလုပ်သိပ်များတယ် ဘယ်တော့မဆို ခပ်သုတ်သုတ်လုပ်တယ်။ ခပ်မြန်မြန်သွားတယ်၊ ပြောတယ်၊ လုပ်တယ်။ သူ့မှာ သူ့အနားကို ရောက်လာတဲ့ လူတစ်ယောက်ကို အေးအေးဆေးဆေး အာရုံပြုဖို့၊ ဒီလူပြောတာကို အေးအေးဆေးဆေး စဉ်းစားဖို့၊ အဲဒီလူကို ကိုယ့်စိတ်ထဲက ဘာပြောချင်လဲဆိုတာကို စဉ်းစားပြီးတော့ ပြန်ပြောဖို့ရာ အချိန်မရှိဘူး။
အခုခေတ်က အလုပ်အင်မတန်များတဲ့ခေတ်၊ အပျော်အပါးတွေ အင်မတန်များတဲ့ခေတ် ဖြစ်တော့ လူလူချင်းဆက်ဆံရေးမှာ အချိန်တွေဟာ လျော့လျော့ကုန်သွားတယ်။ အနောက်နိုင်ငံမှာဆိုရင် မိဘနဲ့သားသမီး စကားပြောချိန်ဟာ တစ်နေ့မှမိနစ် ၂ဝ လောက်ပဲရှိတယ်တဲ့။ လူလူချင်းထိတွေ့မှု Human contact တဖြည်းဖြည်း နည်းသွားနေတယ်။
အဖော်ဆိုတာ ဘယ်လိုမျိုးကိုခေါ်မလဲ။ ကိုယ့်စိတ်ထဲမှာ ဘာတွေဖြစ်နေမလဲ၊ ဘာတွေခံစားနေရမလဲကို ကိုယ်ချင်းစာတဲ့သူ၊ နားလည်တဲ့သူ။ နားလည်တယ် ဆိုတဲ့နေရာမှာလည်း ကိုယ့်ရဲ့ အကောင်းရော အဆိုးရော အားနည်းချက်ရော အကုန်လုံးကို နားလည်တာကိုဆိုလိုတာနော်။ ကိုယ့်ကိုအလကားနေရင်း အပြစ်မတင်တဲ့သူ၊ မဝေဖန် မရှုတ်ချတဲ့သူ၊ အပြစ်မရှာတဲ့သူကို ကိုယ့်အဖော်လို့ခေါ်တယ်။ သာမန်အားဖြင့် လူတွေက အပြစ်မရှိအပြစ်ရှာတက်တယ်။ အပြစ်သေးသေးလေးကို ပုံကြီးချဲ့တတ်တယ်။ အဖော်ကောင်း မိတ်ဆွေကောင်းတွေဟာ အဲဒီလို မလုပ်ဘူးနော်။ ကိုယ့်ရဲ့ချို့ယွင်းချက်ကို စေတနာ၊မေတ္တာနဲ့ မထောက်ပြဘူး မဆိုလိုဘူးနော်။ ကိုယ့်မှာ အမှားတွေ ချို့ယွင်းချက်တွေ ရှိနေရင်တောင်မှ အဲဒါကို ကိုယ်ချင်းစာပြီးတော့ နားလည်အောင်ကြိုးစားတယ်။ ငါဟာ သူ့နေရာမှာ နေရရင် ဘယ်နှယ့်များနေမလဲလို့ ကိုယ်ချင်းစာတတ်တယ် ကိုယ့်စကားကို သေသေချာချာနားထောင်တယ်။ ဆုံးအောင် နားထောင်တယ်။ အဓိပ္ပါယ်ကိုလည်း မှန်မှန်ကောက်တယ်။
ဒီအချက်တွေကို သေသေချာချာ စဉ်းစားပါနော်။ အဖော်ဖြစ်ဖို့ရာ လိုအပ်တဲ့ အင်္ဂါရပ်တွေက တော်တော်များပါတယ်။ ကိုယ်အနားမှာ ထိုင်နေရုံနဲ့ အဖော်လို့ ပြောလို့မရဘူး။ ကိုယ်ပြောတဲ့ စကားကို မှန်မှန်ကန်ကန်နဲ့ နားလည်မှသာ သူနဲ့ ကိုယ်နဲ့ အဖော်ဖြစ်နိုင်တယ်။ ကိုယ်က စကားတစ်ခုခုပြောတယ်။ သူက သူ့ဟာသူ လိုသလို အဓိပ္ပါယ်ကောက်တယ်။ ကိုယ်က အဲဒါငါပြောချင်တဲ့ အဓိပ္ပါယ်မဟုတ်ပါဘူးလို့ ပြန်ရှင်းပြရင်တောင်မှ သူက လက်မခံဘူး။ ကိုယ်ကောက်ချင်တဲ့ အဓိပ္ပါယ်ပဲကောက်တယ်။ အဲဒါမျိုးလုပ်တတ်တယ်ဆိုရင် အဲဒီလူနှစ်ယောက်ဟာ အဖော်မဖြစ်နိုင်ဘူး။ နားလည်တယ်ဆိုတဲ့ ကိစ္စဟာ ရာခိုင်နှုန်းပြည့် ဘယ်တော့မှ မဖြစ်နိုင်ဘူး။ သို့သော် တဆင့်နှိပ်ပီ ပြောရမယ်ဆိုရင် နားလည်ချင်စိတ်ရှိတယ်။ နားလည်ဖို့ ကြိုးစားတယ်ဆိုရင်ပဲ အင်မတန်တော်လှပါပီ။ အဲဒီလောက်ရှိပီဆိုရင်ပဲ ဒီလူနှစ်ယောက်ဟာ အဖော်ဖြစ်လို့ရပီ။
အများစုကတော့ တစ်အိမ်ထဲမှာ အတူတူပင်နေသော်လည်း တစ်ယောက်ကိုတစ်ယောက် အဓိပ္ပါယ်တွေ ကောက်တာတွေ လွဲနေတယ်။ စကားကို ဆုံးအောင်နားမထောင်ဘူး။ ကိုယ်ချင်းမစာဘူး။ နားမလည်ဘူး။ ခန္ဓာကိုယ်ချင်း ထိပီ ထိုင်နေသော်လည်း စိတ်ချင်းတစ်ယောက်နဲ့ တစ်ယောက် မသိဘူးလို့ ပြောလို့ရတယ်။ သူ့လည်း ငါမသိ ငါ့လည်း သူမသိ။ ဒီလို မသိနိုင်တဲ့သူ နှစ်ယောက် အဖော်မဖြစ်နိုင်ပါဘူး။ ငါ့ကို သိမှ ငါနဲ့ အဖော်ဖြစ်မယ်။ ငါဘယ်လိုခံစားနေတယ်ဆိုတာ သိမှ ငါနဲ့ အဖော်ဖြစ်မယ်။
ဥပမာ... သင်္ချာပညာရှင် တစ်ယောက်နဲ့ ရူပဗေဒ ပညာရှင်တစ်ယောက်ရှိတယ်ဆိုပါတော့.. မက်စ်နဲ့ ဖေစ့်စစ် သူတို့နှစ်ယောက်ဟာ ဘာသာရပ်ချင်း ဆက်စပ်မှုချင်းနည်းနည်းရှိနေတော့ တစ်ယောက်ကို တစ်ယောက် ဒီဘာသာရပ်နဲ့ ပတ်သက်တာတွေ ပြောကြမယ် ဆိုကြမယ် ဆွေးနွေးကြမယ်။ ဒါပေမဲ့ သူတို့နှစ်ယောက် အဖော်မဖြစ်ဘူး။ ဘယ်ဖြစ်လို့လဲ ဆိုတော့ အဲဒါ အပြင်ပကြောင့်ဖြစ်တယ်။ ကိုယ့်ဘဝနဲ့ ကိုယ်ခံစားချက်နဲ့ တကယ်ပြည့်ပြည်ဝဝ ဆက်စပ်မှု မရှိသေးဘူး။ သို့သော် သူတို့နှစ်ယောက်က ပညာရှင် အချင်းချင်း ပညာကို တန်ဖိုးထားတဲ့ ဆက်ဆံရေးမျိုးဖြစ်တယ်။ အဲဒီလောက်နဲ့ ဆက်ဆံရေး မလုံလောက်ဘူး။ သူ့မှာ ဝမ်းနည်းတဲ့ အခါလည်းရှိတယ်။ စိုးရိမ်တဲ့ အခါလည်းရှိတယ်။ အားငယ်တဲ့ အခါလည်းရှိမယ်။ တစ်ချိန်မှာ ဝမ်းသာမဲ့အခါလည်း ရှိမယ်။ အဲဒါတွေ အားလုံးကို မျှဝေပြောပြနိုင်ပါမှ မိတ်ဆွေကောင်း အဖော်ကောင်းလို့ ခေါ်နိုင်တယ်။
ဘယ်သူဖြစ်ဖြစ် တစ်ခါတစ်လေ ဝမ်းနည်းတတ်တယ်။ ဒါပေမဲ့ အဲဒါကို ဟန်လုပ်ပီ ဖုံးကွယ်ပီ နေတတ်တယ်။ လူနဲ့ တွေ့တဲ့အခါ ပျော်နေတဲ့ အမူအရာမျိုးလုပ်ပြတယ်။ ငါဝမ်းနည်းနေတာ လူတွေ မတွေ့စေရဘူး။ လူသိသွားရင် ငါ့ကို ပျော့ညံ့တဲ့လူလို့ ထင်မယ်။ အဲဒီတော့ ဟန်လုပ်ပီ နေရတာ သိပ်ပီတော့ lonely ဖြစ်တယ်။ တချို့ ကိုယ်လုပ်ချင်တဲ့ကိစ္စတွေထဲမှာ ကိုယ့်ဟာကိုယ်ပြန်ပီ ရှင်းရတဲ့ ကိစ္စမျိုး ရှိချင်ရှိမယ်။ မအောင်မြင်တဲ့ ကိစ္စမျိုးလည်းရှိချင် ရှိမယ်။ အဲဒီလို ကိုယ်စိတ်ထဲမှာ ရှက်တာ ကြောက်တာ အားငယ်တာ စိုးရိမ်တာ ဝမ်းနည်းတာတွေကို မသိတဲ့သူ နားမလည်တဲ့သူ ကိုယ်ချင်းမစာတဲ့ သူတွေအတွက် အဖော်မဖြစ်နိုင်ပါဘူး။ အထူး သဖြင့် ကိုယ်နဲ့ အတူနေတဲ့သူတွေဆိုရင် အရေးကြီးပါတယ်။ တချို့လူတွေဟာ လူအများနဲ့ တကယ်ခင်ခင်မင်မင် ရင်းရင်းနှီးနှီး မဆက်ဆံကြဘူး။ လူတွေနဲ့ ကင်းကွာပီ တစ်ယောက်တည်း ဖြစ်နေတယ်။ တစ်ယောက်တည်း ဖြစ်နေတာကိုလဲ ရင်ထဲမှာ ခံရတာ ခက်နေတယ်။ ကိုယ်အကြောင်းကို ပြန်စဉ်းစားမိရင် ပြန်တွေးမိရင် ရင်ထဲမှာ ခံရတာ ခက်နေတယ်။ ဒါကိုလည်း လူတွေ အတော်များများ ခံစားဖူးမှာပါနော်။
forward.ထဲကကူးယူထာတာပါ။ကျွန်တော်ဖတ်ဖို့

Monday, November 9, 2009

လူ့အဆင့်အတန်းနှင့် လူ့တန်ဖိုး…

လူ့အဆင့်အတန်းကို မည်သို့တိုင်းတာမည်နည်း၊ မည်သည့်ပုံစံခွက်နဲ့ ခွဲခြားနိုင်မည်နည်း။လူ့အဆင့်အတန်းကို လူတွေက သတ်မှတ်ခြင်းလား သို့တည်းမဟုတ် လူအဆင့်အတန်းကပဲ လူတွေကို ခွဲခြားနေခြင်းလား ဆန်းစစ်ရန်လိုအပ်ပေသည်။
များသောအားဖြင့်လူအများစုသည် ငွေကြေး ဥစ္စာပစ္စည်းကြွယ်ဝချမ်းသာမှု၊ ရာထူးဂုဏ်ရှိန်တန်ခိုးအာဏာ၊ ဆွေမျိုးအင်အား စသည်တို့နှင့် လူ့အဆင့်အတန်းကို တိုင်းတာလေ့ရှိကြပါသည်။ ပညာတတ် လူတန်းစားများသည် ပညာအရည်အချင်း ဘွဲ့ရာထူး တို့နှင့် တိုင်းတာလေ့ရှိကြပါသည်။
သတ်မှတ်ခြင်း၏ နောက်ကွယ်တွင်….ချမ်းသာကြွယ်ဝမှုနဲ့ မိမိတို့ကိုယ်ကို မိမိတို့ အဆင့်အတန်းမြင့်သည်ဟုသတ်မှတ်လေ့ ရှိသောလူချမ်းသာ လူ့ဘူဇွာ အများစုသည် များသောအားဖြင့် အလှူအတန်း ရက်ရက်ရောရော ပြုလုပ်ခြင်းဖြင့် လူအများသိမြင်အောင် ကြွားလုံးထုတ်လေ့ရှိပါသည်။ အမှန်စင်စစ် လူအများ၏နောက်ကွယ်တွင် လက်တဖက်က ပေးလှူပြီး တခြားလက်တဖက်က ပြန်လည်ခိုးယူ နှိုက်ယူနေကြသည်မှာ ထိုသူတို့သတ်မှတ်ထားသော လူ့အဆင့်အတန်း ဖြစ်နိုင်ပေသည်။
ဆွေစဉ်မျိုးဆက် တန်ခိုးအာဏာ အရှိန်အဝါ ကြီးမားမှုနဲ့ အစဉ်အမြဲ ဂုဏ်ယူလေ့ရှိသော လူကုံထံလူပေါ်လူဇော် တို့သည် အမြဲတစေ ပွဲလမ်းသဘင် ပါတီ အခန်းအနားတို့တွင် ခေါင်းပေါင်းစ တလူလူ ပုဝါနှစ်စ စုံချ၍ မိန့်မိန့်ကြီး ပြုံးကာ ဂုဏ်ယူဝံ့ကြွားလေ့ ရှိကြပါသည်။ တကယ်တမ်း လူမသိသူမသိ မိဘအရှိန်အဝါမရှိ ဝမ်းရေးအတွက် မလုပ်မဖြစ် သူတပါးအိမ်တွင်ကျွန်ခံနေရသောမျက်နှာမွဲမိန်းမငယ်များကို အနိုင်ကျင့် စော်ကားမော်ကား လက်ရဲဇက်ရဲ လုပ်နေကြသည်မှာလည်း သူတို့မှတ်ယူနေသော လူ့အဆင့်အတန်းထဲမှ တစ်ခု ဖြစ်နိုင်ပေသည်။
ပညာအရည်အချင်း ဘွဲ့ရာထူးနဲ့ ခေါင်းမော့ ခြေဖျားထောက်လေ့ရှိသော ပညာတတ်လူတန်းစားတို့သည် မိမိတို့နဲ့သက်ဆိုင်ရာ နေရာတိုင်း ဋ္ဌာနတိုင်းတွင် မာနမျက်နှာမချိုမြသောမျက်နှာတို့ဖြင့်လူအများကို ဆက်ဆံလေ့ရှိပြီး ၄င်းတို့အကျိုးရှိမည့် မည်သည့်ကိစ္စအတွက်မဆိုလူမှုရေး ဖောက်ပြန်မှုပြုလုပ်ရန် ဝန်မလေးကြပေ။ ဤသည်မှာလည်း ထိုသူတို့၏ လူ့အဆင့်အတန်းတခု ဖြစ်ပေသည်။
မြင့်မြတ်သော လူ့အဆင့်အတန်းသေချာသည်မှာ လူတယောက်၏ အဆင့်အတန်းကို ထိုလူကိုယ်တိုင် ပြသနေခြင်းပင်ဖြစ်ပါသည်။လူတစ်ယောက်၏ အပြုအမူ အပြောအဆို အနေအထိုင်သာမက အရေးကြီးဆုံးဖြစ်သော စိတ်နေစိတ်ထား မြင့်မြတ်မှု၊ စိတ်ထားတတ်မှု စိတ်ကောင်းရှိမှု၊ စိတ်ဓာတ်ခိုင်မာမှု၊ မည်သို့သော အခြေအနေအချိန်အခါတွင်မဆိုမပြောင်းမလဲမဖောက်မပြန်သော စိတ်ဓာတ်ခွန်အားရှိမှုတို့သည်မြင့်မြတ်သော လူ့အဆင့်အတန်းကို ပြသနေသော အဓိက အကြောင်းများ ဖြစ်ပေသည်။
ခိုင်မာသောစိတ်ဓာတ်ရှိမှသာလျှင် ဆောင်ရွက်ချက် လုပ်ဆောင်ချက် နှင့် ရပ်တည်ချက်တို့သည်မယိမ်းမယိုင် ကျောက်တိုင်ကဲ့သို့ အမြဲ တည်တံ့နေပေမည်။ ထိုသို့မဟုတ်ပါက သူတပါး၏ သွေးထိုးမှု မြှောက်ပင့်ပေးမှု သွေးဆောင်မှု ဖြားယောင်းမှု ကြောင့်လေယူရာယိမ်းတတ်သောအရောင်ပြောင်းတတ်သောသူအဖြစ် အလွယ်တကူ အရေခွံ လဲတတ်ပေသည်။ မည်သည့်လုပ်ငန်းကိုမဆိုပြုလုပ်ရာတွင် အစမှ အဆုံးတိုင်အောင် မိမိ၏ ရပ်တည်ချက် ခံယူချက် ယုံကြည်ချက်ကို မပြိုလဲအောင်ထိန်းသိမ်းနိုင်ပြီး ပန်းတိုင်ကို ရယူရန်အတွက် လုပ်ငန်းများဆောင်ရွက်ရာတွင်မူ အခြေအနေ အချိန်အခါပြောင်းလဲမှု နှင့် ဖြစ်နိုင်ခြေရှိသော အကြောင်းအချက်များပေါ် မူတည်၍ သင့်တော်သလိုလိုအပ်သလို ပြုပြင်ဆောင်ရွက်သင့်ပေသည်။ ထိုကဲ့သို့သော လူတို့၏ နောက်ဆုံးခရီးနေဝင်ချိန်သည်ကား လှပ စည်ကားသိုက်မြိုက်မှာ သေချာလှပေသည်။
မိမိတို့ အားသန်ရာကို မိမိတို့သဘောကျသလိုမည်သို့ပင်သတ်မှတ်စေကာမူပတ်ဝန်းကျင်၏ချစ်ခင်မှု တန်ဖိုးထားမှု လေးစားမှု ယုံကြည်မှု အားကိုးမှု သာမက စံပြလူသားအဖြစ် သဘောထား မှတ်ယူမှုများကို မိမိ၏ လုပ်ဆောင်ချက်များဖြင့်သာ ရယူနိုင်ပေမည်။
လူ့စရိုက်နဲ့ ပတ်ဝန်းကျင်လူ့စရိုက်ဆိုသည်မှာ ပတ်ဝန်းကျင်နှင့်သက်ဆိုင်သည်ဟု အပေါ်ယံအားဖြင့် ထင်မြင်စရာရှိသော်လည်း ပတ်ဝန်းကျင်ထက် အရေးကြီးသည်မှာ လူ၏ မွေးရာပါ ပင်ကိုယ်စရိုက်ဖြစ်ပါသည်။
ပတ်ဝန်းကျင် မည်မျှပင်ကောင်းစေကာမူ ပင်ကိုယ်စရိုက် မကောင်းမှုကို ဆုံးမပဲ့ပြင် လမ်းညွှန်ပြသထိန်းကျောင်းမည့်သူ မရှိလျှင်သော်လည်းကောင်း၊ ရှိသော်ငြားလည်း ဆိုဆုံးမလွယ်သူ မဟုတ်လျှင်သော်လည်းကောင်း၊ မွေးရာပါ ပင်ကိုယ်စရိုက်တွင် ဝါသနာပါ ပူးတွဲနေပါက မည်သို့ဆုံးမစေကာမူတသက်လုံး မပြင်တော့ဘဲ သေသည်အထိ မိုက်တွင်းနက်ကြပေလိမ့်မည်။
ပင်ကိုယ်စရိုက်ကောင်းမွန်သောလူတစ်ယောက်သည်မည်သည့်ဘဝ၊မည်သည့်နေရာမဆို၊ မည်သည့်အချိန်ဖြစ်ဖြစ် မည်သို့သောအပေါင်းအသင်းနဲ့ တွေ့စေကာမူ ပတ်ဝန်းကျင် မကောင်းသည့်တိုင်အောင်လမ်းမှားပေါ်ရောက်ရန် အင်မတန်ခက်ခဲလှပါသည်။ထိုသူ၏ ပင်ကိုယ်စရိုက်ကောင်းသည် မိမိကိုယ်ကို ထိန်းကျောင်းနိုင်သည်သာမက ပတ်ဝန်းကျင်ကိုပါတည့်မတ် ကောင်းမွန်စေတတ်ပါသည်။ ပတ်ဝန်းကျင်၏ကောင်းခြင်းဆိုးခြင်းသည်ထိုသူအပေါ်မလွှမ်းမိုးနိုင်ဘဲထိုသူ၏ကောင်းမြတ်တဲ့ ပင်ကိုယ်စရိုက်အကျင့်သီလ နှင့်တကွ သင့်မြတ်မှန်ကန်တဲ့ အနေအထိုင်သည်သာ ပတ်ဝန်းကျင်ကို သြဇာသက်ရောက်မှု ရှိစေမည်ဖြစ်သည်။
အမှန်စင်စစ် အရေးကြီးဆုံးမှာ ပင်ကိုယ်စရိုက်နှင့် အသိဥာဏ်ပေါ် မူတည်ပြိး ဖြစ်ပေါ်လာသော အပြုအမူအပြောအဆို အနေအထိုင်သာမက အကျင့်သီလ သိက္ခာ သမာဓိသာလျှင် အဓိကဖြစ်ပေသည်။
အကယ်၍ လူတစ်ယောက်သည် ငယ်ရွယ်စဉ်ကလေးဘဝက ဆိုးဝါးလှတဲ့ ပတ်ဝန်းကျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ကာ စိတ်ဒဏ်ရာ နာကျည်းမှု စိတ်မလုံခြုံမှု ရခဲ့သည့်တိုင် ၄င်း၏ ပင်ကိုယ်စရိုက်နှင့် အသိဥာဏ်သာကောင်းမွန်မြင့်မြတ်မည် ဆိုပါက ကြီးပြင်းလာသောအချိန်တွင် ရောက်ရှိနေသော ပတ်ဝန်းကျင်နဲ့ လျော်ညီစွာမိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ကာ သင့်လျော်သော အေးချမ်းသော မြင့်မြတ်သာလွန်သော ကိုယ် စိတ်နှလုံး သုံးပါးလုံးကို ပိုင်ဆိုင်နိုင်သောသူဖြစ်ပေမည်။ ပတ်ဝန်းကျင်ကို အပြစ်တင် ဝေဖန် လက်ညှိုးထိုး နေမည့်အစား မိမိကိုယ်ကို ဆန်းစစ်ဝေဖန်သုံးသပ်ပြီး ပြုပြင်ယူသင့်ပေသည်။
လူ့တန်ဖိုးကို ကြည့်တတ်ပါစေလူဆိုသည်မှာ အစစအရာရာ မပြည့်စုံနိုင်ပေ။ ကောင်းသောအားသာချက်ရှိနိုင်သကဲ့သို့ မကောင်းသောအားနည်းချက်လဲ ရှိနိုင်ပါသည်။ ကောင်းသောအချက်များကိုသာ ကြည့်ပြီး လူကောင်းဟု မသတ်မှတ်နိုင်သလို ဆိုးသောအချက်များသာ ကွက်ကြည့်ပြီး လူဆိုးဟုလဲ မခေါ်ဆိုနိုင်ပေ။ ကောင်းသော အချက်များသည်လူ့ပတ်ဝန်းကျင်ကိုအကျိုးပြုနေပြီးလူ့အကျိုးဆောင်နေ
မည်ဆိုပါကလူ့အသိုင်းအဝိုင်းတခုလုံးကလူကောင်းဟုသတ်မှတ်ပေလိမ့်မည်။ ထို့အတူ မိမိ၏မကောင်း သောလုပ်ရပ်များက မိမိဘေးပတ်ဝန်းကျင်မှ အစပြုပြီး လူသားအားလုံးကို အန္တရာယ်ပေးနိုင်မည်ဆိုပါက လူဆိုးဟု ခေါ်ဝေါ်ပေလိမ့်မည်။
လူ့တန်ဖိုးဆိုသည်မှာ ကြည့်တတ်သောသူမှသာလျှင် မြင်နိုင်ပါသည်။ လူ့တန်ဖိုးသည် ကြည့်တတ်သောသူအပေါ်မူတည်ပြီး အမျိုးမျိုး ပြောင်းလဲနေပါသည်။ လူများကို အပေါ်စီးမှ ကြည့်တတ်သူ တနည်းအားဖြင့် မိမိကိုယ်သာလျှင်အတော်ဆုံး အတတ်ဆုံးလို့ ထင်နေသောသူများသည် လူအချင်းချင်း အထင်သေးလွယ်ပြီးလူ့တန်ဖိုးကို အလွယ်တကူမသိနိုင်ပေ။ လူများကို အောက်မှ မော့ကြည့်တတ်သူ (သို့) မိမိကိုယ်ကို ယုံကြည်မှုမရှိသူများသည် မည်သူ့ကို မဆို အထင်ကြီးလွယ်ပြီး ယုံလွယ်တတ်ကြပါသည်။ လူများကို တန်းတူရည်တူသဘောထားပြီး လူ့အရည်အချင်းကို အထင်မသေးလွန်း အထင်မကြီးလွယ်သူများသာလျှင် လူ့တန်ဖိုးကိုမှန်မှန်ကန်ကန် မြင်နိုင် ယုံယုံကြည်ကြည် အသုံးချနိုင်ပေလိမ့်မည်။ နေရာတိုင်းတွင် အယုံအကြည်မလွယ်သင့်သလို အယုံအကြည်မဲ့တာမျိုးလည်း မဖြစ်သင့်ပေ။ အစဉ်အမြဲ သံသယစိတ်နှင့် အထင်သေးမည်ဆိုပါကလည်း နောက်ဆုံးတွင် မိမိအရိပ်ကိုပင် မိမိမယုံကြည်တော့ဘဲ အထီးကျန်စိတ်နှင့် အရာရာကျဆုံးသွားနိုင်ပေလိမ့်မည်။
အမှန်စင်စစ် လူတစ်ယောက်၏ကံကြမ္မာကို မည်သည့်နတ်သိကြား နတ်ဘုရားမှဖန်ဆင်းယူ၍ မရနိုင်သကဲ့သို့ ဘေးပတ်ဝန်းကျင်မှလည်း ပြုပြင်ယူ၍ မရနိုင်ပေ။ မိမိ၏ကိုယ်စိတ်နှလုံး သုံးပါးနှင့်တကွကာယကံဝဇီကံမနောကံတည်းဟူသော ကံသုံးပါးသာလျှင် မိမိ၏ဘဝတစ်ခုလုံးကိုသာမက သံသရာတလျှောက်လုံးတွင်ပါ တန်ဖိုးရှိသူအဖြစ် လမ်းပြကြယ်သဖွယ်
ဖန်ဆင်းပြုပြင်ယူသွားမည် ဖြစ်ပါသည်။ ။
forward.ထဲကကူးယူထာတာပါ။ကျွန်တော်ဖတ်ဖို့