Friday, September 4, 2009

ကာလာမဒေသနာ စံပြုစရာ

ကေသမုတ္တရွာသား ကာလာမမင်းသားတို့က ဗုဒ္ဓဘုရားရှင်အား ဤသို့လျှောက်ထား၏။
“မြတ်စွာဘုရား ကေသမုတ္တရွာ နိဂုံးသို့ ရောက်လာကြသည့် ရဟန်းပုဏ္ဏားဂိုဏ်း ဆရာများက မိမိတို့၏ အယူဝါဒသာ မှန်သည်။ အခြားအယူဝါဒများ မှားသည်ဟု ရှုတ်ချကဲ့ရဲ့ပြီး ပြောဆိုကြပါသည်။ တပည့်တော်တို့မှာ ဘယ်အယူဝါဒက အမှန် ဖြစ်သည်ဟု မဝေခွဲနိုင်အောင် ဖြစ်နေရပါသည်။ အယူဝါဒတွေ အပေါ်မှာ သံသယ ဖြစ်နေရပါသည် ဘုရား၊ ဝါဒမှန် ရမည့်နည်းလမ်းကို ဟောပြော တော်မူပါ”

ထိုအခါ ဗုဒ္ဓဘုရားရှင်က အယူဝါဒရေးရာနှင့် ပတ်သက်၍ စံထားစရာ ဒေသနာ ၁၀-ချက်ကို ဟောပြောတော်မူသည်။
“အို- ကာလာမမင်းသားတို့၊ သင်တို့သည် အယူဝါဒတစ်ရပ်ကို

၁။ တစ်ဆင့်စကား ကြားရုံဖြင့်လည်း လက်မခံကြနှင့်
၂။ ဘေးဘိုးစဉ်လာ အယူဝါဒဖြစ်၍လည်း လက်မခံကြနှင့်
၃။ ‘ဒီအရာက ဒီလိုဖြစ်သတဲ့’ ဟူသော ကောလာဟလ စကားကိုလည်း လက်မခံကြနှင့်
၎။ မိမိတို့ လေ့လာထားသော ကျမ်းစာနှင့် ညီညွတ်သည် ဟူ၍လည်း လက်မခhကြနှင့်
၅။ မိမိတို့ တွေးခေါ်ကြံဆမှုနှင့် ကိုက်ညီရုံဖြင့်လည်း လက်မခံကြနှင့်
၆။ ‘ဒီအရာဟာ ယုတ္တိရှိသည်’ ဟု နည်းမှီထောက်ဆ၍ ရရုံမျှဖြင့်လည်း လက်မခံကြနှင့်
၇။ ‘ဒီအရာဟာ မှန်ကန်ပြီ’ ဟု မိမိဘာသာ ဆင်ခြင် သုံးသပ်၍ ရရုံမျှဖြင့်လည်း လက်မခံကြနှင့်
၈။ မိမိတို့ စဉ်းစား တွေးကြံ လက်ခံထားသော အယူဝါဒနှင့် ကိုက်ညီပြီ ဟူ၍လည်း လက်မခံကြနှင့်
၉။ မိမိတို့ ယုံကြည်ထိုက်သော ပုဂ္ဂိုလ်ကြီးက ပြောသောစကား ဖြစ်၍လည်း လက်မခံကြနှင့်
၁၀။ မိမိတို့လေးစားသော ဆရာသမား၏ စကားဖြစ်၍လည်း လက်မခံကြနှင့်’

ဤအချက်တို့ကို ထောက်ရှုသောအားဖြင့် ဗုဒ္ဓဘုရားသည် လူမှုအကျိုးတရားကို ဖော်ဆောင်နိုင်မည့် သစ္စဝါဒကို ရရှိနိုင်ရန်အတွက် ဉာဏချိန်ခွင်တွင် တင်၍ ဆုံးဖြတ်ခိုင်းထားခြင်း ဖြစ်သည်။
ဗုဒ္ဓဘုရားသည် ဝါဒရေးရာ စံပြုစရာ ၁၀-ချက်ကို ဟောပြပြီးနောက် ကိုယ်တိုင် လက်တွေ့ စမ်းသပ်ရမည့် ဒေသနာဓမ္မကိုလည်း ဆက်လက်၍ ဟောပြတော် မူသည်။
“အို- ကာလာမမင်းသားတို့၊ သင်တို့သည် ‘ဒီတရားကမကောင်းမှု အကုသိုလ် တရားပဲ။ ဒီတရားက အပြစ်ရှိတဲ့ တရားဖြစ်တယ်။ ပညာရှိတို့ ကဲ့ရဲ့အပ်တဲ့ တရား ဖြစ်တယ်။ ဒီတရားကို ကျင့်သုံးရင် အကျိုးမဲ့ဖြစ်မယ်၊ ဆင်းရဲဒုက္ခ ရောက်စေမယ်’ ဟု သင်တို့ ကိုယ်တိုင် သိရှိလာမည်ဆိုလျှင် ထိုတရားကို ဖယ်ရှားကြရမည်”
ဤနေရာတွင် ကောင်းမှုနှင့် မကောင်းမှုဆိုသော သဘောတရားကို လေ့လာ ရတော့မည်။ မကောင်းမှုသဘောကို အယူဝါဒ တစ်ခုနှင့်တစ်ခု သတ်မှတ်ပုံချင်း မတူညီကြပေ။ ဗုဒ္ဓဒေသနာတော်ကမူ မကောင်းသောအမှု၊ မကောင်းသော စရိုက် တို့ကို “မကောင်းမှု စရိုက် ၁၀-ပါး” နှင့်အဖြေရှာပေးထားသည်။

(မကောင်းမှု စရိုက် ၁၀-ပါး ကို ပို့စ် တင်ပြခဲ့ပြီး ဖြစ်ပါတယ်)