Wednesday, January 20, 2010

လောကဓံဟူသည်

လောကရှိလူသားတိုင်း တွေ့ကြုံရမည့် သဘောတရားကို လောကဓမ္မ(လောကဓံ)ဟု ခေါ်၏။ လူသားတိုင်း မဖြစ်မနေ တွေ့ကြုံခံစားရမည့် ယင်းလောကဓံ တရားများမှာ ၁။ လာဘ်လာဘပေါများခြင်း၊ ၂။ လာဘ်လာဘမရှိခြင်း၊ ၃။ အခြံအရံ မိတ်ဆွေအပေါင်းအသင်း ပေါများခြင်း၊ ၄။ အခြံအရံ မိတ်ဆွေအပေါင်းအသင်း မရှိခြင်း၊ ၅။ ချီးမွမ်းခံရခြင်း၊ ၆။ ကဲ့ရဲ့ခံရခြင်း၊ ၇။ ချမ်းသာခြင်း၊ ၈။ ဆင်းရဲခြင်းဟူသော ဤတရားရှစ်ပါးပင် ဖြစ်၏။ ဤတရားရှစ်ပါးကို မတွေ့ကြံဖူးသူ၊ မခံစားဖူးသူ တစ်စုံတစ်ယောက်မျှ ရှိမည်မဟုတ်ပေ။ အားလုံးတွေ့ကြုံ ခံစားဖူးကြမည်သာ ဖြစ်၏။ လောကဓံတရားရှစ်ပါးတွင် အကောင်းလောကဓံ ရှိသကဲ့သို့ အဆိုးလောကဓံလည်း ရှိ၏။ သို့သော် အကောင်းလောကဓံနှင့် ကြုံသည့်အခါ အားလုံးနှစ်သက် သဘောကျကြပြီး မည်သူကမျှ `ဒါလည်းပဲ လောကဓံပါလား`ဟု တွေးကာ သတိနဲ့နေမှပဲဟူသည့် အတွေးမရှိကြပေ။ စင်စစ် ဤအကောင်း လောကဓံသည်လည်း မည်သူမဆို မလွဲမသွေ တွေ့ကြုံရမည့် လောကဓံပင်ဖြစ်၏။ မည်သူမျှ အကောင်းချည်းပဲ မရှိနိုင်သကဲ့သို့ အဆိုးချည်းများနှင့်လည်း မရှိနိုင်ပေ။ အကောင်းအဆိုးတွဲပြီး ကြုံတွေ့နေကြ ရမည်သာ ဖြစ်၏။ ပုထုဇင်များ၏သဘောကား ကောင်းသည်များကိုသာ လိုလားနှစ်သက်ကြ၏။ အကောင်းများနှင့်သာ ကြုံတွေ့နေလိုကြ၏။ သို့အတွက်ကြောင့်လည်း အဆိုးလောကဓံနှင့် ကြုံတွေ့သည့်အခါ အလွယ်တကူ ပျက်ဆီးသွားကြခြင်းဖြစ်၏။ စင်စစ် အဆိုးလောကဓံကြောင့် ပျက်ဆီးနိုင်သကဲ့သို့ အကောင်း လောကဓံကြောင့်လည်း ပျက်ဆီးနိုင်ပေ၏။ သိပ်ချမ်းသာသည့်သူများ ဘ၀ပျက်နေကြသည်ကို တွေ့ကြရပေမည်။ ထိုသူများသည် အကောင်းလောကဓံကို မခံနိုင်သဖြင့် ပျက်ဆီးနေကြရခြင်းဖြစ်၏။

မြတ်စွာဘုရားရှင်က အကောင်းလောကဓံနှင့် ကြုံသည့်အခါ အလွန်အကျွံ မပျော်မိကြရန်၊ မခံစားမိကြရန်၊ အဆိုးလောကဓံနှင့် ကြုံသည့်အခါတွင်လည်း အလွန်အကြူး စိတ်မညစ်ရန်၊ စိတ်ဓာတ်မကျရန်နှင့် ဤအကောင်းအဆိုးဟူသည်များမှာ လောကဓံတရားများပါလားဟု သတိကပ်ကာ ခံနိုင်ရည်ရှိအောင် ကြိုးစားကြရန် မိန့်ကြားတော်မူ၏။ မှန်၏။ ဤအကောင်းအဆိုး လောကဓံတရားများသည် လူတစ်ယောက်၏ ဘ၀ကို ပြောာင်းလွဲသွားနိုင်၊ ပျက်ဆီးသွားနိုင်ပေ၏။ မျက်မှောက်ခေတ်တွင် လောကဓံတရားကို မခံနိုင်ကြသဖြင့် ပျက်ဆီးသွားကြသူများကို အားလုံးတွေ့ကြုံဖူးကြမည် ဖြစ်၏။

အချို့ လာဘ်လာဘ ပေါများမှုဟူသော လောကဓံကို မခံနိုင်ကြသဖြင့် ပျက်ဆီးသွားကြ၏။ လာဘ်လာဘများသဖြင့် အပျော်အပါး အလွန်လိုက်စားကာ မိမိကိုယ်ကို မိမိမထိန်းနိုင်ဖြစ်ကုန်ကြ၏။ ယင်းအပျော်အပါးများကြောင့်ပင် ကိုယ့်ကျင့်တရားများလည်း ပျက်ဆီးသွားတတ်ကြ၏။ အရာရာ ငွေနှင့်ရှင်းလျှင် ဖြစ်သည်ဟူသော အတွေးဖြင့် လုပ်ချင်ရာလုပ်မိတတ်ကြ၏။ နောက်ဆုံး နားထင်သွေးရောက်ကာ ထင်ရာဆိုင်းမိကြသဖြင့် ဘ၀ပါပျက်ဆီး သွားတတ်ကြ၏။ ဤသည်မှာ လာဘ်လာဘ ပေါများမှုဟူသော လောကဓံကို မခံနိုင်ကြ၍ဖြစ်၏။ ထို့ကြောင့် လာဘဟူသော လာဘ်လာဘ ပေါများသည့်အခါတွင်လည်း `ဒါလည်းပဲ လောကဓံပါလား`ဟူသော အတွေးဖြင့် သတိပြုဆင်ခြင်ရန် လိုအပ်၏။ အချို့လည်း အလာဘဟူသော ပစ္စည်းလာဘ်လာဘ မရှိသဖြင့် လာဘ်လာဘရအောင် ကြိုးစားရင်း ပျက်ဆီးသွားကြသည်များလည်း ရှိ၏။ မိမိတို့ရှိသမျှ ရသမျှလေးများဖြင့် မရောင့်ရဲနိုင်ကြသဖြင့် ပို၍ရအောင် ကြိုးစားကြရင်း ရေတိမ်နစ်သွားတတ်ကြ၏။ အထူးသဖြင့် မိန်းကလေးများမှာ ဤလောကဓံကြောင့် ပိုမိုပျက်ဆီးတတ်ကြ၏။ အခြားသူများ ၀တ်စားသကဲ့သို့ ၀တ်ချင်စားချင်ကြသဖြင့် မှန်ကန်သည့်လမ်းကို မရွေးချယ်ကြဘဲ အလွယ်ရသည့်နည်းဖြင့် ကြိုးစားကာ လာဘ်လာဘ ရအောင်ရှာဖွေကြရင်း မိမိခန္ဓာကိုယ်ကို ရောင်းစားသည်အထိ ဖြစ်တတ်ကြ၏။ ဤသည်မှာ အလာဘဟူသော လာဘ်လာဘမရှိမှု လောကဓံကို မခံနိုင်ကြ၍ဖြစ်၏။

ထို့အတူ အခြံအရံ မိတ်ဆွေအပေါင်းအသင်း ပေါများခြင်း၊ မိတ်ဆွေအပေါင်းအသင်းမရှိ တစ်ယောက်တည်း အထီးကျန်ဖြစ်ခြင်းဟူသော လောကဓံတရားနှစ်ပါးနှင့် ကြုံသည့်အခါတွင်လည်း ခံနိုင်ရည်ရှိဖို့လို၏။ အချို့ မိတ်ဆွေ အပေါင်းအသင်းပေါများသဖြင့် အပေါင်းအသင်းများနှင့်သာ အချိန်ကုန်ပြီး မိမိအကျိုး ပျက်ဆီးမှုများရှိတတ်၏။ အပေါင်းအသင်းများတွင် မကောင်းသည့်မိတ်ဆွေ အပေါင်းအသင်းပါလာ ပါက ထိုအပေါင်းအသင်းကို အကြောင်းပြု၍ ယခင်ကမလုပ်တတ်သော မကောင်းသည့်အလုပ်များကို လုပ်လာတတ်သည်အထိ ဖြစ်တတ်၏။ စင်စစ် အခြံအရံ အပေါင်းအသင်းပေါများမှုသည် လာဘ်လာဘ ပေါများမှုနှင့်လည်း ဆက်စပ်မှုရှိ၏။ မိမိက သုံးနိုင်ဖြုန်းနိုင် စားသောက်နိုင်သဖြင့် အခြံအရံ အပေါင်းအသင်း ပေါများမှုလည်း ဖြစ်နိုင်၏။ မိမိတွင် ဘာမျှမရှိသည့်အခါ မိတ်ဆွေအပေါင်းအသင်းများသည်လည်း ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတတ်၏။ ထို့ကြောင့် အခြံအရံ အပေါင်းအသင်းပေါများမှု ရှိသည့်အခါ တွင်လည်း အလွန်အကျူး မဖြစ်ဖို့၊ မပျော်မိဖို့၊ မိမိအကျိုးပျက်သည်အထိ မဖြစ်ဖို့၊ အခြံအရံ အပေါင်းအသင်း ပေါများခြင်းဟာလည်း လောကဓံတစ်ခုပါလားဟု ဆင်ခြင်ကာ ခံနိုင်ရည်ရှိအောင် ကြိုးစားတတ်ဖို့ လိုအပ်၏။ အခြံအရံ မိတ်ဆွေအပေါင်းအသင်းမရှိ တစ်ယောက်တည်း အထီးကျန်ဖြစ်နေသည့်အခါတွင်လည်း နေတတ်အောင် ကြိုးစားဖို့ လိုအပ်၏။ တစ်ခါတစ်ရံ တစ်ယောက်တည်း ဖြစ်နေသည်က ကောင်းသည့်အခါမျိုးလည်း ရှိတတ်၏။ အပေါင်းအသင်းပေါများသည့်အခါ ထိုအပေါင်းအသင်းများကို အမှီပြု၍ မသွားချင်ဘဲသွားရ၊ မပြောချင်ဘဲလည်း ပြောရ၊ မစားချင်ဘဲလည်း စားရသည့်အဖြစ်မှ ကင်းနိုင်၏။ တစ်ယောက်တည်းဖြစ်နေသဖြင် မိမိလုပ်ချင်သည့် အလုပ်ကိုလွတ်လွတ်လပ်လပ် လုပ်ခွင့်ရတတ်၏။ စင်စစ် ကိလေသာဟူသည် မမြင်အပ်ရာ ကိလေသာ သူ့ဟာသူငြိမ်း၏ ဟူသော မဟာစည်ဆရာတော်ကြီး အဆုံးအမနှင့်အညီ တစ်ယောက်တည်းရှိနေသဖြင့် အပြင်မထွက်ဖြစ်သည့်အခါ အပြင်သွားသဖြင့် တွေ့ရမည့် အာရုံများကို အမှီပြု၍ ဖြစ်ရမည့် အကုသိုလ်များ မဖြစ်နိုင်ပေ။ ထို့ကြောင့် တစ်ယောက်တည်း နေတတ်အောင် ကြိုးစားသည့် အလေ့အကျင့်ကို လုပ်ပေးသင့်၏။ တစ်ယောက်တည်းနေတတ်လာလျှင် အယသဟူသော အခြံအရံ မိတ်ဆွေအပေါင်းအသင်းမရှိ တစ်ယောက်တည်း အထီးကျန်ခြင်းဟူသော လောကဓံကိုလည်း အလိုလို ခံနိုင်ရည် ရှိသွားမည်ဖြစ်၏။

လောကရှိလူတိုင်း တွေ့ကြံရမည့် အရေးအကြီးဆုံး လောကဓံမှာ ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်းဟူသော ဟူသော လောကဓံပင်ဖြစ်၏။ မည်သူမဆို အကဲ့ရဲ့ ခံရဖူးကြသည်သာဖြစ်၏။ ကဲ့ရဲ့ခံရခြင်းမှ ကင်းလွတ်သူ တစ်ယောက်မျှ ရှိမည်မဟုတ်ပေ။ သာမန်သူများ မဆိုထားဘိ မြတ်စွာဘုရားရှင်သော်မှလည်း ကဲ့ရဲ့မှုဒဏ်မှ မလွတ်ခဲ့ပေ။ ထို့ကြောင့် မြတ်စွာဘုရားရှင်က ကဲ့ရဲ့မှုနှင့် ပတ်သက်၍ အတုလဥပသကာဝတ္ထုတွင် အောက်ပါအတိုင်း ဟောကြားတော်မူခဲ့၏။
``အို…အတုလ… ဤကဲ့ရဲ့ခြင်းသည် ရှေးရိုးအစဉ်အလာပေတည်း။ ဤကဲ့ရဲ့ခြင်းသည် ယခုမှဖြစ်သည် မဟုတ်။ ဆိတ်ဆိတ်နေသူကိုလည်း ကဲ့ရဲ့ကုန်၏။ များစွာဟောပြောသူကိုလည်း ကဲ့ရဲ့ကုန်၏။ နှိုင်းခိုင်း၍ပြောသူကိုလည်း ကဲ့ရဲ့ကုန်၏။ လောက၌ အကဲ့ရဲ့လွတ်သောသူမည်သည် မရှိ။ လုံးဝအကဲ့ရဲ့ခံရသူမည်သည် ရှေးကလည်း မရှိခဲ့၊ နောင်အခါလည်း ရှိလိမ့်မည်မဟုတ်၊ ယခုအခါ၌လည်း မရှိ။``
မှန်၏။ ဘုရားရှင်ဟောတော်မူခဲ့သည့် အတိုင်းပင် လောကတွင်ကဲ့ရဲ့ခံရခြင်းမှ ကင်းသောသူ မည်သည်မရှိသည့်အတွက် ကဲ့ရဲ့ခြင်းနှင့်ကြုံတွေ့ပါက မတုန်မလှုပ်ခံနိုင်ရည်ရှိအောင် ကြိုးစားလေ့ကျင့်ပေးဖို့ လိုအပ်၏။ ဤအတူပင် ချီးမွမ်းခြင်းနှင့် ကြုံသည့်အခါတွင်လည်း ခံနိုင်ရည်ရှိအောင် ကြိုးစားရ၏။ စင်စစ် ချီးမွမ်းခြင်းများကို ပြန်ကြည့်ပါက မိမိနှင့်အဆင်ပြေ၊ မိမိကျေးဇူးနှင့် မကင်းဘဲရှိနေသည့်အခါတွင် မိမိကို ၀ိုင်းဝန်းချီးမွမ်းနေကြမည်ဖြစ်ပြီး မိမိနှင့်အဆင်မပြေပါက ၀ိုင်းဝန်းကဲ့ရဲ့ကြမည်မှာ ဓမ္မတာပင်ဖြစ်၏။ ချစ်လျှင်အပြစ်မမြင်ဟူသော မြန်မာစကားအတိုင်းပင် မိမိနှင့်ချစ်ခင် ကျွမ်းဝင်နေ၊ သင့်မြတ်နေပါက မည်သူမျှ အပြစ်ပြောကြမည် မဟုတ်ပေ။ သို့သော် အဆင်မပြေဖြစ်ပြီးဆိုက ၀ိုင်းဝန်းချီးမွမ်းကြသော ထိုသူများကပင် ပြန်၍အပြစ်ပြော ကဲ့ရဲ့တတ်ကြ၏။ ထို့ကြောင့် ချီးမွမ်းခံရသည့်အခါတွင်လည်း နားထင်သွေးမရောက်ဖို့ မိမိကိုယ်ကို အထင်မကြီးဖို့ သတိမလွတ်ဖို့ အထူးလိုအပ်၏။ ဤချီးမွမ်းမှုသည်လည်း ခဏပါပဲဟု ဆင်ခြင်တတ်ဖို့ လိုအပ်၏။ လူတိုင်းလူတိုင်း ကောင်းသည့်စကား၊ ချီးမွမ်းသည့်စကားကိုသာ ကြားလိုကြ၏။ သို့သော် အမြဲမကြားနိုင်ကြပေ။ အဘယ့်ကြောင့်ဆိုသော် ဘာမှမမြဲခြင်းဟူသည့် သဘောကပင် အတတ်အကျ၊ အနိမ့်အမြင့်သဘောကို ဆောင်နေသောကြောင့် ဖြစ်၏။

နောက်ဆုံးလောကဓံ နှစ်ခုဖြစ်သည့် ချမ်းသာခြင်း၊ ဆင်းရဲခြင်းသဘောသည်လည်း လောကသားတိုင်း ရှောင်လွဲ၍မရ ဧကန်မုချ ရင်ဆိုင်ကြုံတွေ့ရမည့် လောကဓံတရားများ ဖြစ်၏။ စင်စစ် နိဗ္ဗာန်ချမ်းသာမှတစ်ပါး လောကသတ်မှတ်ကြသည့် ချမ်းသာများသည် အစစ်အမှန် ချမ်းသာများ မဟုတ်ကြပေ။ တဒင်္ဂချမ်းသာများသာ ဖြစ်၏။ တဒင်္ဂဟူသည် အမြဲမဟုတ်သည့်အတွက် ယင်းချမ်းသာများသည် အချိန်မရွေးပြောင်းလဲနိုင်၊ ပျောက်ပျက်နိုင်၏။ ထို့ကြောင့် လောကချမ်းသာသည်ဟု ဆိုသောတဒင်္ဂ ချမ်းသာများအပေါ် အမြင်မမှားဘဲ အချိန်မရွေး ပြောင်းလဲနိုင်သည့် အရာများဟု သတိပြုကာ ယင်းချမ်းသာခြင်းဟူသော လောကဓံကိုလည်း ခံနိုင်အောင် ကြိုးစားရပေမည်။ ချမ်းသာသည့်အခိုက်တွင် အကျိုးရှိသည်များကို ကြိုးစားလုပ်ကိုင်ရပေမည်။ ချမ်းသာမှု၏နောက်ကွယ်တွင် ဆင်းရဲမှုရှိနေသဖြင့် အချိန်မရွေး ဆင်းရဲသွားနိုင်သည်ကို သတိပြုကာ ချမ်းသာခြင်းဟူသော လောကဓံအပေါ် မယဇ်မူးကြရန် လိုအပ်ပေ၏။ လောက၌ပစ္စည်းဥစ္စာ ချမ်းသာသည်ဟု ဆိုသူများသည် မိမိတို့၏ ချမ်းသာများသည် ရန်သူမျိုးငါးပါးကြောင့် အချိန်မရွေး ပျက်ဆီးသွားတတ်ကြသည့်သဘောကို အထူးဆင်ခြင်ရန် လိုအပ်လှ၏။ ထင်ရှားသည့် သာဓကပြရလျှင် နာဂစ်မုံတိုင်းကြောင့် ပျက်ဆီးသွားကြသည့် မိသားစုများ၊ ဆင်းရဲမွဲတေသွားကြ သည့် သူဋ္ဌေးများကို အနီးဆုံးသာဓကအဖြစ် ပြရပေမည်။ ထိုသူများ၏ ချမ်းသာသည် ဆင်းရဲခြင်းဟူသော အဖြစ်သို့ ရောက်သွားခဲ့ရ၏။ တဒင်္ဂဟူသော သဘောကို ၎င်းတို့က ထင်ဟတ်ပြနေ၏။ ထို့ကြောင့် ချမ်းသာမှု၊ ဆင်းရဲမှုဟူသည်များသည် အခိုက်အတန့်မျှသာ ဖြစ်သည်ဟု ဆိုကြခြင်းဖြစ်၏။ ထိုအခိုက်အတန့်ဖြစ်သည် ကိုပင် မိမိတို့က ခံနိုင်ရည်ရှိအောင် ကြိုးစားရမည်ဖြစ်၏။ ချမ်းသာ၊ ဆင်းရဲဟူသော လောကဓံတို့တွင် မည်သို့သော လောကဓံနှင့်ကြုံကြုံ မတုန်မလှုပ် ရင်ဆိုင်နိုင်အောင် ကြိုးစားသင့်၏။

စင်စစ် လောကဓံတရားကို ရင်ဆိုင်ရန်မှာ အပြောလွယ်သလောက် အလုပ်ခက်လှ၏။ သာမန်လူများ အဖို့ကား ကျော်လွှားရန်မလွယ်လှပေ။ သို့သော် အလွယ်နည်းတစ်နည်းကား ရှိ၏။ အခြားမဟုတ်။ ၀ိပဿနာ တရားအားထုတ်ထားသူများသည် အလွယ်တကူ ရင်ဆိုင်နိုင်၏။ တရားအားထုတ်စဉ် တွေ့ကြုံရသည့် ခန္ဓာကိုယ်၏ ဒုက္ခများနှင့် ဝေဒနာများကို သီးခံအားထုတ်ထားပါက အပြင်လောက၌ ကြုံတွေ့ရသည့် လောကဓံများကို ကောင်းစွာခံနိုင်၊ ကျော်လွှားနိုင်၏။ ခန္ဓာကိုယ်ဒုက္ခများနှင့် ယှဉ်ပါက အပြင်လောကဓံများသည် အသေးအဖွဲလေးမျှသာ ဖြစ်ကုန်၏။ အရာအားလုံးသည် မမြဲဟူသော အနိစ္စသဘောကို တရားအားထုတ်ခြင်းဖြင့် ကောင်းစွာလက်ခံ သဘောပေါက်ထားပါက မည်သို့သော အကြောင်းကိစ္စများနှင့်ကြုံကြုံ ဖြေနိုင်သွား၏။ ထို့ကြောင့် လောကဓံတရားကို ကောင်းစွားရင်ဆိုင် ကျော်လွှားလိုပါက တရားသာ များများအားထုတ်ကြပါဟု တိုက်တွန်းလိုပါသည်။

နိဂုံးချုပ်အနေအားဖြင့် လောကဓံဟူသည် လောကရှိလူသားတိုင်း မလွဲမသွေ ရင်ဆိုင်ကြုံတွေ့ရမည့် တရားဖြစ်၍ အကောင်းအဆိုး မည်သို့ပင်ကြုံကြုံ မတုန်မလှုပ်ခံနိုင်ရည်ရှိအောင် တရားအားထုတ်ခြင်းဖြင့် ရင်ဆိုင်ကျော်လွှားကြပါစို့ဟု ထပ်မံတိုက်တွန်းစကားပြောကြားရင် ဤဆောင်ပါးကို အဆုံးသတ်လိုက်ပါသည်။


စာရေးသူ = ဘုန်းဘုန်း ဦးဝိစိတ္တ ။ ရေးသားချိန် 9:56 PM

စုစည်းထားမှု = ၄။ ဓမ္မရသစာစုများ