Saturday, February 20, 2010

ဘဝရဲ့ အစ

ကျွန်တော်တို့ ရွာနဲ့ သုံးမိုင်လောက် ဝေးတဲ့ ရွာကြီးတစ်ရွာမှာ အလယ်တန်းနဲ့ အထက်တန်းကို သွားတက်ရတာပါ။ မိုးတွင်းပိုင်းဆိုတော့ မိုးကြီးလေကြီးထဲမှာ လမ်းလျှောက်သွားရ တာပါ။ တစ်ခါတစ်လေ ကျရင်လည်း ဖိနပ်မပါ ထီးမပါဘဲ လွယ်အိတ်ကို ကြွတ်ကြွတ်အိတ်နဲ့ ထုပ်ပြီး ကျောင်းကနေ ပြန်လာရတယ်လေ။ ဒီလိုနဲ့ ကျောင်းက တက်တစ်ဝက် ပျက်တစ်ဝက်နဲ့ ငါးတန်းဖြေပြီးတော့ ကျွန်တော်လည်း ကျောင်းထွက်လိုက်ပါတယ်။ ဒီလိုနဲ့ တစ်နှစ်လောက် လယ်ထဲဆင်းပြီး လယ်လုပ်လိုက်ပါတယ်။ နွေပေါက်လို့ စပါးရိတ်သိမ်းပြီးတော့ ကျွန်တော်လည်း လယ်မလုပ်ချင်တော့ပြန်ဘူး။ ကျွန်တော့်ရဲ့ စိတ်တွေက ရွာနဲ့ဝေးတဲ့ တစ်နေရာကို ထွက်သွားချင်နေခဲ့တယ်။ အဖေကလည်း ရွာမှာ မရှိဘူး။ ထိုင်းကိုထွက်သွားတာ သုံးနှစ်လောက်တောင် ရှိပါပြီ။ ဒီလိုနဲ့ ကျွန်တော်လည်း အမေ့ကို ဖွင့်ပြောပါတယ်။ အဖေနဲ့ အတူတူ အလုပ်သွားလုပ် ချင်တယ်ပေါ့။ အမေကလည်း ငယ်သေးတယ်တဲ့။ အဖေကလည်း မခေါ်ချင်ဘူးတဲ့။ မလာခဲ့နဲ့တဲ့။ အဖေက မခေါ်လို့ အမေက မလွှတ်တာပါ။ နို့မို့ဆိုရင် ကျွန်တော်က ဘယ်နေရာ သွားသွား သွားလို့ရပါတယ်။

အဲဒါနဲ့ ကျွန်တော်လည်း ရန်ကုန်ကို သွားမယ်လို့ ပြောလိုက်ပါတယ်။ ရန်ကုန်မှာက ကြီးမေတစ်ယောက် ရှိပါတယ်။ ကြီးမေကို ရန်ကုန်မှာ အလုပ်ရှာခိုင်းပြီး ရန်ကုန်မှာ အလုပ်သွားလုပ်မယ်လို့ ပြောလိုက်တယ်။ အမေက ကျွန်တော့်အပေါ်မှာ ဆဲခြင်း၊ ဆိုခြင်း၊ ရိုက်နှက်ခြင်း ဘာတစ်ခုမှ မရှိခဲ့ပါဘူး။ အခုအချိန်မှာ ပြန်စဉ်းစားတော့ အမေ့ရဲ့ ဆုံးမစကား သံလေးတွေကိုကျွန်တော် ကြားချင်လိုက်တာ။ ဒီလိုနဲ့ ကျွန်တော်လည်း ရန်ကုန်ကို ထွက်ခဲ့ပါတယ်။ ကျွန်တော်နဲ့ ရွာက ပါလာတဲ့ သူငယ်ချင်း နှစ်ယောက်နဲ့ပါ။ အားလုံးပေါင်း သုံးယောက်သား ရွာက လူကြုံနဲ့ ရန်ကုန်ကို လိုက်လာခဲ့ကြတာ.. ကြီးမေအိမ်ကို ရောက်လာပါတော့ တယ်။ ကြီးမေလည်း နောက်နေ့ကို အလုပ်တစ်ခါတည်း တန်းရှာပေးပါတော့တယ်။ ကြီးမေက ပြောတယ်၊ နင်တို့ သုံးယောက်တောင် ငါ့အိမ်မှာ ရက်ကြာကြာ မကျွေးထားနိုင် ဘူးတဲ့။ ကျွန်တော်တို့ ကလည်း အိပ်စရာ နေရာတောင် မရှိတဲ့ ကြီးမေအိမ်မှာ ကြာကြာ မနေချင်ပါဘူးလို့ ပြောလိုက်ပါတယ်။ ရွာကပါလာတဲ့ သူငယ်ချင်း တစ်ယောက်က ကျွန်တော့်ကို ပြောပါတယ်။ မင်းကြီးမေကလည်းကွာ.. ရွာကပါလာတဲ့ လက်ဆောင်တော့ အသားကုန်ယူပြီး သူ့အိမ်မှာကျတော့ တစ်ရက် နှစ်ရက်တောင် မထားချင်ဘူး တဲ့လေ။

ကျွန်တော်လည်း အေးလေကွာ.. ငါလည်း သူ့အကြောင်း ဒီလိုမှန်း သိရင် ရွာက ဘာတစ်ခုမှ အလေးခံပြီး ယူမလာခဲ့ပါဘူးလို့ ပြောလိုက်ပါတယ်။ နောက်နေ့မှာ တာမွေက စက်ရုံတစ်ရုံမှာ အလုပ်ရပါတယ်။ အဲဒီစက်ရုံမှာက လူတွေ အယောက် သုံးဆယ်လောက် ရှိပါတယ်။ ကောင်မလေးတွေ ဆယ်ယောက်လောက်တော့ ရှိတယ်။ ကျွန်တော်တို့ ကလည်း လူပျိုတောင် မဖြစ်သေး ပါဘူးဗျာ။ ပြောရမယ်ဆိုရင် ကောင်မလေး ကိစ္စနဲ့ ပတ်သတ်လို့ ဘာမှလည်း စိတ်ထဲမှာ မရှိသေး ပါဘူး။ ဒီလိုနဲ့ သုံးလေး ငါးလလောက် ကြာတော့ ညပိုင်းအလုပ် လုပ်ရပါတယ်။ ညပိုင်း အလုပ်ဆိုတော့ တစ်ခုခု ချက်ကျွေးတာပေါ့။ အဲဒီညက တရုတ်ဆန်ပြုတ် ချက်ကျွေးပါတယ်။ သူဋ္ဌေးကို ကျွန်တော်တို့က ဘကြီးလို့ပဲ ခေါ်ပါတယ်။ ဘကြီးက ဆန်ပြုတ်ချက်မယ့် အစ်ကိုကြီး တစ်ယောက်ကို ပြောပါတယ်။ မင်းတို့ ချက်စရာ ပြုတ်စရာတွေ ရေခဲသေတ္တာထဲမှာ သွားယူချေတဲ့။ အဲဒါနဲ့ အစ်ကိုကြီးက ကျွန်တော့်ကို ထိုက်ဦး မင်း အိမ်နောက်ဖေးက သွားတဲ့။ ပြီးရင် မီးဖိုဆောင် ရောက်မယ်တဲ့။ အဲဒီ မီးဖိုဆောင်မှာ ရေခဲသေတ္တာ တစ်လုံးရှိတယ်။ အထဲမှာ မုန်ညင်းရွက်ရယ် ကြက်သားရယ် ယူလာခဲ့တဲ့။ ကျွန်တော်လည်း သွားတာပေါ့။

မီးဖိုဆောင် ရောက်တော့ ရေခဲသေတ္တာတော့ တွေ့ပါရဲ့.. ဒါပေမယ့် ဖွင့်တဲ့နေရာ မတွေဘူး။ ရေခဲသေတ္တာက ဖွင့်ရမယ့် ကိုင်းလည်း မရှိ၊ ခလုတ်လည်းမရှိ ဆိုတော့ ကျွန်တော်လည်း ဟိုကြည့် ဒီကြည့်နဲ့.. ပြီးတော့ ကျွန်တော့်လက်နဲ့ အပေါ်ပုတ်လိုက် ဘေးပုတ်လိုက်ပေါ့။ ဟိုနေရာကို ကိုင်ကြည့်၊ ဒီနေရာကို ကိုင်ကြည့်နဲ့.. အရမ်း အရမ်းလည်း မကိုင်ရဲဘူး။ လျှပ်စစ်ပစ္စည်း ဆိုတော့ ဓါတ်လိုက်တတ်တယ် ဆိုပြီး စိတ်က ကြောက်နေခဲ့ တာပါ။ အဲဒါနဲ့ သူဋ္ဌေးကတော်က အိမ်သာတက်ဖို့ လာတယ်။ ကျွန်တော်က ကျွန်တော်က ရေခဲ သေတ္တာကို ဟိုပုတ် ဒီပုတ်၊ ဟိုကိုင် ဒီကိုင် လုပ်နေတာ မြင်တော့ ဟဲ့ နင်က ရေခဲသေတ္တာကို ဖျက်ဆီးနေတာ လားတဲ့.. ဆိုပြီး အသားကုန် အော်ပါတော့တယ်။ ကျွန်တော်ကလည်း မဟုတ်ရပါဘူးဗျာ.. ကျွန်တော် ရေခဲသေတ္တာ အပေါက်ရှာနေတာပါလို့ ပြောလိုက်တော့ ဟယ် ဒီတောသား နှစ်ယောက် သုံးယောက်တော့ ငါ့ဆီမှာ ကြာကြာနေရင် ငါ့စက်ရုံက ပစ္စည်းမပြောနဲ့ ငါ့အိမ်က ပစ္စည်းတောင် ဘာတစ်ခုမှ ကောင်းကောင်းကျန်မှာ မဟုတ်ဘူးတဲ့။ အဲဒါနဲ့ သူကိုယ်တိုင် ဖွင့်ပြီး ပစ္စည်းတွေ ထုတ်ပေးပါတော့တယ်။

ဒီလိုပါပဲ၊ တုံးတာ၊ အေးတာ၊ အတာ၊ ဘာတစ်ခွန်းမှ ပြန်မပြောတတ်တာက ကျွန်တော့်အတွက် သီးခံနိုင်စွမ်းတွေ အများကြီး ရရှိခဲ့တာပေါ့။ တစ်ခါတုန်းကလည်း သူဋ္ဌေး ဘကြီးက ည ၈ နာရီလောက် ကျွန်တော့်ဆီ လာပြီး ကျွန်တော့်ကို လာခေါ်သွား တယ်လေ။ ထိုက်ဦး ဘကြီးကို တစ်ချက် နှစ်ချက်လောက် နှိပ်ပေးပါဦး လားကွာတဲ့..။ ကျွန်တော်လည်း ဘကြီးနောက်ကို လိုက်သွားတယ်။ အိမ်ရောက်တော့ တီဗွီ ထိုင်ကြည့်နေကြတဲ့ မိသားတစ်စု၊ ဘကြီးက ကုလားထိုင်ပေါ်မှာ ထိုင်ပြီးတော့ ကျွန်တော်က မတ်တပ်ရပ်ပြီး နှိပ်ပေးလိုက်တယ်။ နာရီဝက်လောက် ကြာတော့ အန်တီကြီးကလည်း ထိုက်ဦး ပြီးရင် အပေါ်ထပ်ကို တက်လာတဲ့။ အန်တီ့ကိုလည်း နှိပ်ပေး ပါဦးတဲ့။

ဘကြီးကို နှိပ်ပြီးတော့ ကျွန်တော်လည်း အပေါ်ထပ်ကို တက်သွားပါတယ်။ အန်တီ့ကို နှိပ်ပေးပြီး ဆယ်မိနစ် ဆယ့်ငါးမိနစ်လောက် ကြာတော့ သူ့သမီးက တက်လာပါတယ်။ ကျွန်တော့် ဘေးနားမှာ လာထိုင်ပြီး ထိုက်ဦး နင်ငါ့ကိုလည်း နှိပ်ပေးပါဦးတဲ့။ ကျွန်တော်က မျက်လုံးတွေ ပြူးနေတာပေါ့။ ကျွန်တော့် စိတ်ထဲကတော့ အဘွားကြီး၊ အဖိုးကြီးဆိုတော့ နိုပ်ပေးလို့ ဘာမှ မဖြစ်ဘူး။ အစ်မက အပျိုဆိုတော့ ကျွန်တော် ဘယ်လို နှိပ်ပေးရမလဲ ပေါ့နော်။ အဲဒါနဲ့ အန်တီကြီးကလည်း နှိပ်ပြီးတော့ အောက်ထပ်ကို ဆင်းသွားတယ်။ အဲဒါနဲ့ သူက အိမ်ခန်းထဲက အိပ်ယာပေါ်မှာ မှောက်လျက် အိပ်ပြီး ပထမတော့ နင်းပေးတဲ့။ နောက်တော့ နှိပ်ပေးတဲ့.. အကြာကြီးပဲ။ ဘယ်နေရာကို နှိပ်ပေးလို့ နှိပ်ပေးရမှန်း မသိ။ မနှိပ်ရဲ နှိပ်ရဲ.. ဘယ်နေရာကို နင်းပေးလို့ နင်းပေးရမှန်းမသိ၊ မနင်းရဲ နင်းရဲ။ ဘယ်နေရာ ကိုင်လို့ ကိုင်ရမှန်းမသိ၊ မကိုင်ရဲ ကိုင်ရဲ။ တစ်ချက်တစ်ချက် လက်တွေတောင် တုန်ရုံ မကလို့ ချွေးတွေတောင် ပြန်နေတာပဲ။ ကျွန်တော် ရှက်နေတယ်၊ ကြောက်နေတယ် ဆိုတာကို သူ လုံးဝ ရိပ်မိနေပါတယ်။ ရှက်နေတာ ကြောက်နေတာ သိလျက်သားနဲ့ ဆယ်မိနစ် ဆယ့်ငါးမိနစ် လောက်ဆို တော်ရောပေါ့။ ဘာတစ်ခွန်းမှ ပြန်မပြောဘဲ အကြာကြီး နှိပ်ခိုင်းနေတော့ တာပဲ။

အခုအချိန်မှ ဖြတ်သန်းလာခဲ့ရတဲ့ ကျွန်တော့်ဘ၀ကို ကျွန်တော် ပြန်တွေးကြည့်တော့ ၀တ္ထုတွေ၊ ဇာတ်လမ်းတွေထဲကလို ပါပဲလား မသိ။ ဆရာကြီး မင်းသိင်္ခရေးတဲ့ ပုဂံသား ဘမော်လို အပျိုကြီး ၀က်သားဟင်း ချက်ခိုင်းတယ် ဆိုတဲ့ အဖြစ်ထက်တောင် ဆိုးနေပါရောလား ဗျာ။ ဒီလိုနဲ့ ညပိုင်း အလုပ်လုပ်ရင်း ဖဲဝိုင်းတွေ အရက်ဝိုင်းတွေက ကျွန်တော်တို့ အိပ်တဲ့ အခန်းရှေ့မှာပဲ.. တစ်ခါတစ်လေ ဖဲဝိုင်းကို ထိုင်ကြည့်ပြီး ဖဲဝိုင်းဘေးမှာပဲ အိပ်ပျော်သွားခဲ့ တာလည်း အကြိမ်ပေါင်း မနည်းခဲ့ပါဘူး။ ဖဲဝိုင်းကိုကြည့်ပြီး ဖဲကစားတတ်ပါလျက်နဲ့ ဘာကြောင့် မကစားရတာလည်း ဆိုတော့ သူဋ္ဌေး ဘကြီးက တစ်နေ့ကို မုန့်ဟင်းခါးဖိုး တစ်ဆယ် ပေးပါတယ်။ မုန့်ဟင်းခါး တစ်ပွဲကို အဲဒီတုန်းက ငါးကျပ်ပါ။ ကျန်တဲ့ ငါးကျပ်ကို စုတာ ရွာပြန်တဲ့အချိန်မှာ သုံးထောင် ပြည့်ခဲ့ပါတယ်။ အဲလောက်ထိ ပိုက်ဆံစုပြီး ကပ်စေးနဲတော့ ဖဲရိုက်ရင် အရှုံးနဲ့ တွေ့ပြီး၊ မစားရက် မသောက်ရက် စုနေပါတယ်ဆိုတဲ့ ပိုက်ဆံတွေ ပြောင်သွားမှာ ကုန်သွားမှာ ကြောက်နေခဲ့လို့ ပါပဲ။ အရက်ကလည်း သူဋ္ဌေးသား နိုင်ငံခြားကနေ ပြန်လာလို့ အလကားရလို့ သောက်တာပါ။ အလကားရတိုင်း သောက်တယ် လို့တော့ မဟုတ်ပါဘူး။ လူတစ်ယောက်က ကိုယ့်အပေါ်ကို တကယ် သူ့စိတ်ထဲမှာ စေတနာ ရှိလို့ တကယ် ပျော်ရွှင်စေချင်လို့ ဆိုတော့ အားနာမှုနဲ့ လိုက်လျော ညီထွေစွာ ပေါင်းသင်းဆက်ဆံ တတ်ခဲ့ပါလား ဆိုတာ ခုမှပဲ ပြန်စဉ်းစားမိ ပါတယ်။

ကိုယ့်စိတ် ကိုယ့်ဆုံးဖြတ်ချက်နဲ့တော့ တစ်ခါမှ မသောက်ဖူး ပါဘူး။ သူဋ္ဌေးသား လိုက်ပို့ပေးလို့လည်း ဘုရားတွေ တော်တော်များများ ရောက်ခဲ့ဖူးပါတယ်။ ရန်ကုန်က ဘုရားစုံလို့.. ဇွဲကပင်၊ သာမည၊ ကျိုက်ထီးရိုးတွေပါ ရောက်ခဲ့ဖူး ပါတယ်။ တစ်ခါတုန်းကလည်း သူ့ကောင်မလေးနဲ့ သူနဲ့ ကျွန်တော်တို့ သုံးယောက်နဲ့ သန်လျင် ကျိုက်ခေါက် ဘုရားမှာ လိုက်တန်း ပြေးတန်းသွား ကစားဖူး ပါတယ်။ ကျွန်တော် ဘယ်လောက်ထိ ရှက်တတ်လဲ ဆိုရင် စက်ရုံက ထွက်တဲ့ ပစ္စည်းတွေ တစ်ပတ်ကို သုံးလေးခေါက်လောက် ရန်ကုန်က ဈေးတွေအစုံ ကားနဲ့လိုက်ပို့ရပါတယ်။ ကျွန်တော်က အလုပ်လုပ်တဲ့ အင်္ကျီ၊ ဘောင်းဘီ ညစ်ပတ် ပေရေနေတယ် ဆိုတော့ သွားလိုက်မပို့ ရဲဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ လူဘုံအလည်မှာ လူတွေကြားမှာ ဟောင်းနွမ်းညစ်ပတ်နေတဲ့ အ၀တ်အစားနဲ့ ဆိုတော့ သူများတကာတွေ မြင်ရင် လမ်းပေါ်က လူလို့ ထင်မှာစိုးလို့ပါပဲ။

သူဋ္ဌေးသားတောင်မှ အလုပ်ထဲမှာ လုပ်တဲ့ အင်္ကျီ၊ လုံချည်နဲ့ သွားသေးတာပဲ။ ငါက ဘာဖြစ်လို့ မသွားရဲရမှာလည်း ဆိုပြီး သူခေါ်တာနဲ့ လိုက်သွားလိုက်တာ တစ်ခေါက် နှစ်ခေါက် ကြာလာတော့ ရှက်ပါတယ်၊ ကြောက်ပါတယ် ဆိုတဲ့ စိတ်က ဘယ်ရောက်သွားမှန်းတောင် မသိတော့ ပါဘူး။ ကျွန်တော် တုံးတာ၊ အေးတာ၊ အတာ၊ ရှက်တတ်တာ ကြောက်တတ်တာတွေက တန်ဖိုး မဖြတ်နိုင် ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော့်ရဲ့ အကျင့်စာရိတ္တတွေ မပျက်စီး မယိမ်းယိုင် သွားလို့ပါပဲ။ ကျွန်တော့်ရဲ့ အကျင့်စာရိတ္တတွေ မပျက်စီး မယိမ်းယိုင်သွားဘူး ဆိုရင် ဘာအလုပ်ပဲ လုပ်ရ လုပ်ရ.. ဘယ်ကိုပဲ သွားရ သွားရ.. ကျွန်တော် မရှက်တတ်၊ မကြောက်တတ် တော့ပါဘူး။ ကျွန်တော်လည်း နှစ်နှစ်လောက် ရန်ကုန်မှာ နေပြီး ထိုင်းကို ခရီး ဆက်ပါတော့တယ်။

မှတ်ချက်။ ။ဘ၀က ပေးလာခဲ့တဲ့ ကံကြမ္မာကို ဒီအရှက်အကြောက်တွေက ပိတ်ဆို့ တားဆီးထားရင် ကျွန်တော် ဘယ်လို ရုန်းကန် ထွက်နိုင်ပါတော့ မလဲ။

5 comments:

ရွှေရတုမှတ်တမ်း said...

ကိုထိုက်ဦး..ဘဝဇတ်ကြောင်းလေးကတော့..တကယ်စိတ်ဝင်စားဖို့ကောင်းတယ်ဗျာ

sosegado said...

စိတ်ဝင်းစားဖွယ် ဖတ်လို့ကောင်းပါတယ် စောင့်ပြီးဖတ်သွားပါမယ်။

နိုင်းနိုင်းစနေ said...

ဘဝစုံ ခံစားဖူးတာပေါ့
လူလူချင်းတူပြီး တချို့က ဘဝစုံမခံစားခဲ့ကြဘူးလေ
ကျွန်မလည်း ဘဝကြမ်းခဲ့ပါတယ်။
ဒါပေမယ့် လောကဓံကို အပြစ်မဆိုချင်ဘူး
ဒီလိုဘဝရှိခဲ့ဖူးလို့ပဲ ဒီလိုကောင်းတဲ့ ဘဝအတွေ့အကြုံပို့စ်လေးတွေ ဖြစ်လာခဲ့ရတယ်လေ..

ကိုထိုက်ဦးက ငယ်ငယ်နဲ့ ရန်ကုန်ရောက်ဖူးတယ်
ကျွန်မက တက္ကသိုလ်ရောက်မှ ရန်ကုန်ရောက်ဖူးတယ် :P
ပြန်ပြောရင်တော့ လွမ်းစရာတွေပဲ...

အနမ်း said...

ဘ၀ဇာတ်ကြောင်းလေးတွေက စိတ်ဝင်စားဖို့ကောင်းပါ တယ်။ လူတိုင်းမှာ ဘ၀ဇာတ်ကြောင်းတွေ အမျိုးမျိုးရှိကြ တာပဲမဟုတ်လား။
အဆင်ပြေပျော်ရွှင်ပါစေ။

Nge Naing said...

ဘ၀အကြာင်း ရေးထားတာလေးတွေ စိတ်ဝင်စားစရာ ကောင်းပါတယ်။ အခုမှ ရောက်ဖူးတယ်။ အချိန်ရမှပဲ ပို့စ်တွေ ပြန်လာဖတ်ဦးမယ်။ ကျွန်မဘလော့ဂ်ကို လာလည်တဲ့အတွက်ရော link ထားတဲ့အတွက်ပါ ကျေးဇူးတင်ပါတယ်။ ပြန်ပြီး Link သွားလိုက်ပါတယ်။