Saturday, January 16, 2010

စိတ်သဘောထားပြောင်းကြည့်ပါ

စိတ်သဘောထား ပြောင်းရမှာ မကြောက်ပါနဲ့။ဘယ်ထင်မြင်ချက် ၊ဘယ်ဆုံးဖြတ်ချက်ဖြစ်ဖြစ် အမှန်တရားနဲ့ နီးစပ်တယ်လို့  ယူဆရတာထက် မပိုပါဘူး။ပြင်သင့်ရင်ပြင်ရမှချည်းပဲ။အတွေးဟောင်းတွေချည်း ဆက်တွေးနေတာထက်၊ဥာဏ်အမြော်အမြင်နဲ့ သတ္တိအရာမှာသာအောင် လုပ်ပြီး စိတ်သဘောထား ပြောင်းကြည့်လိုက်ပါ။စိတ်ကူးသစ်တွေကို လက်သင့်ခံလိုက်ပါ။
ရော့စကိုးဒရမ္မာန်
စိတ်သဘောထားပြောင်းကြည့်ပါ


အတော်ကောင်းတဲ့စကားပဲ။ပြောသွားလိုက်ပုံကလည်း ရှင်းရှင်းပြတ်ပြတ်နဲ့သတ္တိရောခွန်အားပါ အပြည့်အ၀ပါတယ်။မြန်မာ့အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ကလည်း သူ့ရဲ့ကိုယ်တိုင်ရေး အထ္ထုပ္ပတ္တိ ထဲမှာ ဒီသဘောမျိုးရေးထားတာ သတိရမိတယ်။
“လူတယောက်ဧ။် သက်တမ်းတွင် အစ ပထမ ကသိမြင်လာသော စိတ်နေစိတ်ထား ၀ါဒတို့ သည် အမှန်ချည်းမဟုတ်။ပြုပြင်ပြောင်းလဲရမည်သာတည်း။
ယနေ့အယူအဆနှင့် နက်ဖြန် အယူအဆတို့မှာ တူချင်မှတူပေမည်။အမှန်ကား လူတဦးဧ။်ဘ၀တွင် ကျွန်ုပ် တို့ သည် အယူဝါဒပြောင်းလဲခြင်းများကို
တွေ့ရသောအခါ ထိုလူသည် သမာဓိမတည် ၊ရှေ့နောက်မညီဟု ထင်မှတ်မှားလေသည်။သမာဓိ မတည်ခြင်းသည် ကိုယ်ကျင့်တရား ဖောက်လွဲဖောက်ပြန်
ဖြစ်ခြင်းပေတနည်း။ ၀ါဒပြောင်းမှုမှာ ဉာဏ်အမြင်ဧ။်ပြောင်းလဲမှုကြောင့် သမာဓိမတည်ခြင်း မဟုတ်ပေ။ တနည်း တိုးတက်ခြင်းပေတည်း“.....တဲ့။
ဗိုလ်ချုပ်စကားလဲ ကောင်းတာပဲ။ဒါပေမယ့် အပြောင်းအလဲ လုပ်ဖို့  တိုက်တွန်းရတဲ့အထဲမှာ စိတ်သဘောထားပြောင်းဖို့  တိုက်တွန်းရတာလောက် ခက်ခဲတာတော့ ရှိမယ်မထင်ဘူး။လူ့သဘာဝ ကိုယ်နှိုက်က အပြောင်း အလဲ ကို ငြင်းဆန်တတ်တယ်။အလေ့အထဖြစ်လာတာ ကျင့်သားရလာတာ တစ်ခုဆိုရင် လွယ်လွယ်နဲ့ မစွန့်လွှတ်ချင်ဘူး ။စားနေကျ အစားအစာ ၊လုပ်နေကျ အလုပ်၊နေနေကျအရပ်တွေကို အင်မတန်စွဲလန်းခင်တွယ် တတ်တယ်။ဒါကြောင့် မြို့ကလူတောရောက်ရင် နေနိုင်လှ တစ်ပတ်ပဲ။တစ်ပတ်ကကျော်လို့  နှစ်ပတ်ဆို မနေနိုင်တော့ဘူး။မြို့ကိုပြန်ချင်ပြီ။ တောကလူ မြို့ရောက်တော့ သာတောင်ဆိုးသေး။တစ်ပတ်ဝေးလို့  နှစ်ရက် သုံးရက်ဆိုရင်ပဲ မျက်စိမျက်နှာ ပျက်ချင်နေပြီ။အဆင်မပြေဘူး။တညည်းညည်းတညူညူနဲ့ ပြန်ဖို့  အထုတ် တပြင်ပြင်ဖြစ်နေပြီ။လိုက်ပို့ ပါ့မယ် ပြောထားတဲ့ကြားက လူကြုံမြင်တာနဲ့ မျက်စပစ်ပြီး ကောက်ကောက်ပါအောင် ထလိုက်၊တစ်ကြိုးတည်း ပြန်ပြေးတော့တာပဲ။
ဒီလိုနဲ့ ဘူးခါးရေနဲ့ ကြမ်းကြားလေကို မခွဲနိုင် မခွာရက်ဖြစ်တဲ့ လူက ဖြစ်သလို မိုးလင်းလာရင် လ္ဘက်ရည်နဲ့အီကြာကွေးကို လက်လွတ်မခံနိုင် ဖြစ်တဲ့လူကလည်း ဖြစ်လာကြတယ်။ လမ်းလျှောက်ရင်း ရွာထိပ်က အကြော်တဲလေးမှာ အကြော်ဝင်ဝယ် ၊အိမ်ရောက်တော့ ထမင်းကြမ်းခဲဘေး ဆားလေပုံပြီး၊အကြော်နဲ့စားရတာကို နတ်သုဒ္ဓါနဲ့ မလဲနိုင်အောင် အရသာတွေ့တဲ့လူကတွေ့မယ်။အဆာပြေစားဖို့  အရေး အိမ်ကနေ သုံးလေး မိုင်လောက်ဝေးတဲ့ စာသောက်ဆိုင်ကောင်းကောင်းရှိရာ ကိုယ်ပိုင်ကားနဲ့ထွက်ဝယ် ၊အိမ်ရောက်မှ ရွှေတောင်ခေါက်ဆွဲတို့  နန်းကြီးသုတ်တို့ ကို မိသားတစ်စုမြိန်ရေ ရှက်ရေ စားရတာလောက် ကောင်းတာဘာရှိသေးလဲလို့  စီးကရက်ခဲရင်း မေးတဲ့ လူက မေးတယ်။
ကဲ......အဲဒီအလေ့အကျင့်ပေါ်မှာ အမှီပြုပြီး ဖြစ်တည်လာတဲ့ စိတ်သဘောထားလောက်ကိုပဲ အပြောင်းအလဲလုပ်ဖို့  ကြိုးစားကြည့်မယ်တဲ့၊လွယ်မယ်ထင်းသလား။လုံးဝမလွယ်ဘူး။ထမင်းကြမ်းသမားကို နန်းကြီးသုတ်
ကျွေးကြည့်။ဟင်..မင်းတို့ ဟာကလည်း ပျစ်ချွဲချွဲ စေးထန်းထန်းနဲ့၊အလကား ကြက်သားဖတ်တွေ နှမျောစရာ၊ မနက်စာထမင်းနဲ့ကျမှ အဲဒီ ကြက်သားဟင်း ထည့်စားလိုက်ပြီးရောလို့  ပြောတော့မခက်လား။အဲ.နန်းကြီးသုတ်
ဆရာကိုတော့ ထမင်းကြမ်းနဲ့ သွားမလဲခိုင်းပါနဲ့၊ရိုင်းရာကျနေပါ့မယ်။
ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ဒီလိုစားတဲ့ သောက်တဲ့ ကိစ္စလေးလောက် တောင်မှ စိတ်သဘောထား မပြောင်းနိုင်ရင် ဆင်းရဲတာ ချမ်းသာတာ အပထား၊အဲဒီလူ လူညံ့ပဲ ။နေရာတကာ ပုံသေမှတ်ထားပြီး အတွေးဟောင်း
၊အကျင့်ဟောင်းတွေနဲ့ပဲ တ၀ဲလည်လည် ဖြစ်နေလို့ ကတော့ လူ့လောက လူ့ဘ၀ အလှည့်အပြောင်းတွေကို အလိုက်သင့် အလျားသင့် လက်ခံကျင့်သုံးနိုင်တဲ့ အရည်အချင်း ရှိမှာမဟုတ်ဘူး။
အတွေးဟောင်းဆိုတာဘာလဲ?
ခုလုပ်စရာရှိတာ ရှေ့ဆက်လုပ်ရမှာတွေနဲ့ ပတ်သက်လို့  ဘယ်လို လုပ်သင့်တယ် ၊ဘယ်လိုဖြစ်သင့်တယ်ဆိုတာတွေနဲ့ ပတ်သက်လို့  မိမိကိုယ်တိုင် သူတပါးရဲ့အတွေ့အကြုံဟောင်း ၊အဖြစ်အပျက်ဟောင်း၊အလေ့အကျင့် ဟောင်းတွေပေါ်မှာအခြေစိုက်ပြီး ယုံကြည်၊ယူဆ၊စဉ်းစား၊ဆုံးဖြတ်တာပဲ။လူမှာ အဲဒီအတွေးဟောင်းတွေ အခြေခိုင်လာရင် ဘယ်ကိစ္စမဆို အမှန်အမှား၊အကောင်းအဆိုးကို လက်တွေ့ကျကျ ဓမ္မဓိဌာန် ဖြစ်အောင် မစစ်ဆေး ချင်တော့ဘူး။အစွဲတွေ ၊ကြိုက်တာမကြိုက်တာတွေကို ဦးစားပေးလိုလားရင် လက်ခံပြီးသား။မလိုလားရင်ငြင်းပယ်ပြီးသား ဖြစ်လာတတ်တယ်။လူပုဂ္ဂိုလ်နဲ့ ပတ်သက်လာရင်လည်း ကြိုတင် ဟောကိန်းထုတ်ပြီးသား၊တန်ဖိုး ဖြတ်ပြီးသား ဖြစ်နေတတ်တယ်။
“ဒီလူ မပါစေနဲ့၊သူပါရင်ပြဿနာတက်မှာပဲ”
“ဟိုကောင် ရောက်နေတယ်ဆို၊ဘယ့်နှယ့်လဲ.....မူး၊ရူးလာတာပဲမဟုတ်လား”
“သူပြောမယ့်စကားဆို လုံးဝ အယုံအကြည် မရှိဘူးဗျာ”
ဆိုတဲ့ ထင်မြင်ချက်တွေ ကောက်ချက်တွေဟာ အဲဒီအတွေးဟောင်း ပင်စည်ကဖြာထွက်လာတဲ့ အကိုင်းအခက်တွေပေါ့။
ဒီနေရာမှာ ပြောတဲ့လူရော အပြောခံရတဲ့လူပါ နှစ်ဘက်စလုံးမှာ လူ့အရည်အချင်း၊အဆင့်အတန်းနိမ့်ကျရာရောက်တယ်။ ပြောတဲ့လူဘက်ကိုကြည့်ရင် ဒီလိုပြောနိုင်ဖို့  ဘယ်လောက်များ ကြိုးပမ်းအားထုတ်လိုက်ရလို့ 
လဲ ၊ဖြစ်နိုင်ခြေတို့ ၊အလားအလာတို့ ၊ပြုပြင်ပြောင်းလဲနိုင်တာတို့ ၊ညှိနှိုင်းအဖြေရှာတာတို့  ဘာတခုများပါလို့ လဲ။သူ့မှာ အဆင်သင့် ရှိပြီးသားဖြစ်တဲ့ မှတ်ဉာဏ်ဟောင်းကို လက်တို့ လိုက်ရုံနဲ့ ထွက်လာတဲ့အဖြေပဲ။အပြောခံ ရတဲ့လူ ဘက်ကလည်း ပြောတဲ့အတိုင်း ဖြစ်ဖြစ်နေရင် ကိုယ့်အလေ့အကျင့်ဟောင်းကို မပြုပြင် မပြောင်းလဲနိုင်တဲ့အတွက် ညံ့ဖျင်းရာကျတယ်။
ဒါ့ကြောင့် စိတ်သဘောထားပြောင်းတယ်ဆိုတဲ့နေရာမှာ ဘက်ရှိလာမယ်ဆိုရင် နှစ်ဦးနှစ်ဘက်လုံးက ပြောင်းမှ အဓိပ္ပာယ် ရှိမယ်။ မှန်ကန်ပြည့်စုံမယ်။ တစ်ဘက်တည်းကပြောင်းရုံနဲ့တော့ အခြေအနေ တိုးတက် ကောင်းမွန်လာမှာ မဟုတ်ဘူး ။တစ်ဘက်က အရင်လက်ခံလာခဲ့တဲ့ “တစ်”ကို ခု လက်မခံထားတော့ပဲ ပြောင်းသွားပါပြီတဲ့၊ဒါပေမယ့် ကျန်တဲ့တဖက်က “တစ်“ မဟုတ်ရင် “နှစ်” ဖြစ်ရမှာပေါ့ဆိုပြီး မူသေကိုင်ထားမယ်ဆိုရင်
ပြေလည်မှာမဟုတ်ဘူး။တစ်မဟုတ်ရင်နှစ်ဖြစ်နိုင်သလို သုံး၊လေး အစရှိသဖြင့် ဖြစ်နိုင်တယ်။ဒါတင်မက နှစ်ပိုင်းတပိုင်း တ၀က် လဲဖြစ်နိုင်တာပဲ။ဖြစ်နိုင်ချေတွေ ပြောင်းလဲသွားနိုင်တဲ့ အလားအလာတွေ အများကြီးပဲ။
တကယ်တော့ အတွေးဟောင်းတွေကို စုံမက်ဖက်တွယ်ပြီး စိတ်သဘောထား အပြောင်းအလဲမလုပ်နိုင်တာ ဘာ့ကြောင့်လဲလို့  ဆန်းစစ်ကြည့်ရင် ကိုယ့်အယူအဆနဲ့ကိုယ် မှန်တယ်ထင်နေတုန်းမို့  မပြောင်းနိုင်တာက တချက်၊သူက မှန်တယ်ထင်နေသမျှ ပြောင်းမှာမဟုတ်ဘူး။နောက်တချက်က ကိုယ့်ကိုယ်ကို မမှန်မှန်းမသိသေးလို့  မပြောင်းနိုင်တာ၊သူက မမှန်မှန်း သိလာတဲ့အခါ ပြောင်းလဲဖို့  ကြိုးစာချင်ကြိုးစားနိုင်တယ်။ဆိုးတာက
မမှန်မှန်းသိပေမယ့် မထူးတော့ပါဘူးဆိုပြီး တမင် မပြောင်းလဲပဲနေတာ ၊ပြောင်းလိုက်ရင် အရူံးပေး၊အညံ့ခံရာရောက်မှာ၊အရှက်ကွဲမှစိုးလို့  မပြောင်းပဲတင်းခံနေတာ။အဆိုးတကာ့အဆိုးဆုံးကတော့ နဂိုကတည်းက
အငြိုး၊အာဃာတ ကြီးကြီးမားမား ရှိနေလို့  ၊သူဖြူရင် ငါမည်းမယ်ဆိုပြီး မျက်စိမှိတ် စုံကန်ငြင်း၊လက်သင့်မခံနိုင်၊သဘောထားမပြောင်းနိုင် ဖြစ်နေတာမျိုးပဲ။
အဲဒီအတွေးဟောင်းတွေကို အသေဆုပ်ပြီး အပြောင်းအလဲမလုပ်နိုင်တဲ့သူဟာ ဘ၀မှာတိုးတက်မှုမရှိနိုင်သလို စေ့စပ်ညှိနှိုင်းလို့  မရနိုင် ၊ဗဟုသုတနယ် မကျယ်နိုင်ဘူး၊စိတ်သဘောထား မကြီးနိုင်ဘူး။အဆုံးစွန်
ပြောရရင် တရားသံဝေဂလည်းမရနိုင်ဘူး။ဒါ့ကြောင့် ရော့စကိုဒရမ္မာန်က “ဉာဏ်အမြော်အမြင်နဲ့သတ္တိအရာမှာ သာအောင်လုပ်ပြီး စိတ်သဘောထားကို ပြောင်းလိုက်စမ်းပါ ” လို့ ဆိုခဲ့တာပေါ့။ ဟုတ်တယ် ၊ပညာဉာဏ်
အမြော်အမြင်ရှိမှ စိတ်သဘောထားပြောင်းလဲလို့ ရတာ။သတ္တိရှိမှလည်း ပြောင်းလဲလို့ ရတာပါ ။ လူသတ်ရဲပါတယ်ဆိုတဲ့သတ္တိနဲ့ အယူအဆဟောင်း အတွေးဟောင်းတွေကို စွန့်လွှတ်နိုင်တယ့် သတ္တိ၊ ဘယ်ဟာက
သတ္တိ အစစ်ဖြစ်တယ်၊ဘယ်သတ္တိက ပိုအင်အားကြီး ပိုပြောင်မြောက်တယ်ဆိုတာ လက်ညိုးတထောင် ပြည့်အောင် လိုက်ဖြတ်ခဲ့တဲ့ အဂုင်္လိမာလ က သက်သေပြခဲ့ပြီးပြီ။
နောက် ဉာဏ်အမြော်အမြင်ကိစ္စမှာလည်းကြည့်အုန်း ။ ဗုဒ္ဓ ကိုသတ်မယ်ဆိုပြီး အဂုင်္လိမာလ ကအပြေးလိုက်တော့ မမှီနိုင်အောင် ဖြစ်နေတဲ့အခါ “ရှင်ကြီးဂေါတမ ဘာဖြစ်လို့ ဒီလောက်ပြေးနေရတာလဲ၊သေမှာကြောက်
သလား” လို့ မေးတယ်။အဲဒီတော့ ဗုဒ္ဓ ကခပ်အေးအေးပဲပြန်ပြောလိုက်တယ်။
“အဂုင်္လိမာလ ငါမပြေးဘူး၊ ငါကရပ်နေတယ်၊သင်သာပြေးနေတာ။
သင်ဟာ ခုမှပြေးတာမဟုတ်ဘူး၊ သံသရာတလျှောက်လုံးပြေးခဲ့ရတယ်
နောက် ဘယ်ထိအောင် သင်ပြေးနေအုန်းမှာလဲ” တဲ့။
ဘာမှ ရှည်ရှည် ဝေးဝေး ပြောလိုက်တာမဟုတ်ဘူး။ စကားကတိုတိုလေးရယ်။ဒါပေမယ့် အဲဒီစကားတိုတိုလေးကြောင့်ပဲ အဂုင်္လိမာလ မှာ ဉာဏ်အမြော်အမြင် အကြီးအကျယ် နိုးကြားပြီး စိတ်သဘောထား ပြောင်းလဲ သွားတယ်။လက်ထဲကဓားကိုချ ၊လက်ညိုးပန်းကုံးကြီးကို စွန့်ပစ်ပြီး ဗုဒ္ဓ ရဲ့အဆုံးအမမှာ တည်ခဲ့တယ်။
ဒါပါပဲ ။စိတ်သဘောထားပြောင်းတယ်ဆိုတာ ဉာဏ်အမြော်အမြင်နဲ့သတ္တိအားကောင်းရင် စကားတခွန်းနဲ့လည်း ပြောင်းလဲသွားနိုင်တယ်။စာတပုဒ် ၊မြင်ကွင်းတကွက်ကြောင့်လည်း ပြောင်းလဲနိုင်တယ်။ဒီလိုပြောင်းလဲ
ခဲ့ကြတာ လူ့သမိုင်းတလျှောက်မှာ သက်သေပြစရာ အများကြီးပါ။ ဉာဏ်အမြော်အမြင်ကလည်းမရှိ ၊သတ္တိအင်အားကလည်း ခပ်နုံနုံ ဖြစ်နေလို့ ကတော့ စလေဆရာ ဦးပုညရေးခဲ့သလို-
“၀ထ္တုနိပါတ်၊ပိဋကတ်နှင့်၊လျှာပြတ်အောင် ဟောသော်လည်း၊ဟောရင်းသာ ပျံတော်မူမည်။
ဆန်ဖြူဖြူ တခွက်မျှ ထွက်မည့်ပုံ ပေါ်မှာမဟုတ်ဘူး” ဆိုတာပဲ။

ဒီတော့လည်း အတွေးဟောင်း၊စိတ်သဘောထားဟောင်းတွေရဲ့ ခိုင်းစေချက်အရ လက်ညိုးတထောင်ပြည့်နိုးပြည့်နိုး မျှော်ကိုးရင်း သံသရာတောနက်ကြီးထဲမှာ ဓားတရမ်းရမ်းနဲ့ မနားတမ်းပြေးနေမယ့်အစား
စိတ်သဘောထားလေးတွေပြောင်းကြည့်လိုက်ပါ။မွန်မြတ်တဲ့ ကိုယ်ကျင့်တရားနဲ့အတူ ကမ္ဘ္ဘ္ဘာလောကကြီးရဲ့ ကောင်းကြိုးချမ်းသာတွေကို ပိုင်ဆိုင်နိုင် ခံစားနိုင်လာမှာပေါ့။





မြင့်စိုးလှိုင် ဧ။် “စကားနောက်တရားပါ(၂)” မှကောက်နုတ်ပါသည်။
ဒီတော့ကျွန်တော်ပြောချင်တာကအမြင်လေးတွေပါနဲနဲလောက်ပြောင်းကြည့်ပါ
အားလုံးအဆင်ပြေပါလိမ့်မယ်
forward.ထဲကကူးယူထာတာပါ။ကျွန်တော်ဖတ်ဖို့

No comments: