Thursday, November 12, 2009

ဆရာတော်ဦးဇောတိကတရားတော်မှ

လောကဓံဆိုတာ အကောင်းလည်း လောကဓံပဲ။ အဆိုလည်းလောကဓံပဲ။ များသောအားဖြင့် အဆိုးကိုပဲ လောကဓံလို့ ပြောကြတာများပါတယ်။ အကောင်းနဲ့ ကြုံနေရတဲ့ အခါကြတော့ ငါ့မှာ လောကဓံနဲ့ ကြုံနေရတယ်လို့ မပြောကြဘူး။ အကောင်းကို လောကဓံလို့ မထင်ဘူး။ သို့သော် ဘဝမှာ ကြုံတွေ့နေရတာဟာ အဆိုးတွေက တော်တော်များပါတယ်။ အဲဒါတွေကို သတိနဲ့ ဉာဏ်နဲ့ ကြည့်ပြီးတော့ သိပြီးတော့ နေကြမယ်ဆိုရင် အဲဒီ အဆိုးတွေရဲ့ ဒဏ်ရာဒဏ်ချက်တွေကို ခံရတာ သက်သာမယ်။ အခြွေအရံများခြင်း အခြွေအရံနည်းခြင်းကို အရင်ကလည်းပြောဖူးပါတယ်။ နောင်တစ်ခေတ်မှာ လူတွေ တွေ့ကြုံရမယ့် ဒုက္ခ တွေထဲမှာ အကြီးဆုံးဒုက္ခက ဘာလဲဆိုတော့ အပေါင်းဖော်မရှိခြင်းပဲ။ အခုလည်း ကြုံနေရပါပြီ။ ယေဘုယျ လောကကြီးထဲ ကြာလေများလေ ဖြစ်လာနေတာ လူဦးရေများလာသလောက် လူတွေအဖော်မဲ့ အထီးကျန် ပိုဖြစ်လာပါတယ်။ အပျော်အပါးတွေ လည်းအခုခေတ်မှာ ပိုများလာပါတယ်။ အပျော်အပါးများလာသလောက် အဖော်လည်းပိုပြီး မက်လာကြပါတယ်။
အနောက်နိုင်ငံမှာတော့ တော်တော်လေး ဒီအခက်ခဲတွေကို တွေ့ရတာ တော်တော်လေး ကြာနေပါပြီ။ အနောက်နိုင်ငံက ပညာရှိအချို့ကလည်း ဒီအခက်ခဲ ဒုက္ခ တွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ သူတို့ဟာသူတို့နည်းလမ်းတွေ ရှာနေကြပါတယ်။ သို့သော် ပြည့်စုံတယ်လို့တော့ မရှိပါဘူး။ ဘယ်တော့မှ မပြည့်စုံဘူး။ သူတို့ဆီက ကောင်းတဲ့ နည်းတွေကိုလည်း ယူရမှာပဲနော်။ ဘုန်းဘုန်းငယ်ငယ်က စာအုပ်ကလေးတစ်အုပ် ဖတ်ဖူးတာရှိတယ်။“My crowded loneliness ” အဓိပ္ပါယ်က လူတွေအများကြီးထဲမှာ နေပြီးမှ အထီးကျန်ဖြစ်နေတဲ့ဘဝ လို့ ဆိုလိုပါတယ်။ အင်မတန်စဉ်းစားဖို့ ကောင်းတယ်နော်။ လူမရှိလို့ အထီးကျန်ဖြစ်တာ မဟုတ်ဘူးနော်.. ကိုယ့်အနားမှာ လူတွေအများကြီးရှိနေပေမဲ့လည်း ကိုယ်ဟာအထီးကျန်အဖော်မဲ့ ဖြစ်နေပါတယ်။ ဒီအကြောင်းနဲ့ပက်သက်လို့လဲ အနောက်နိုင်ငံက ပညာရှင်များပြောတာကိုလည်း ထည့်စဉ်းစားစေချင်ပါတယ်။ မြတ်စွာဘုရားဟောတော်မူတဲ့ သတိပဋ္ဌာန်ကြီးနဲ့လည်း ဒါကိုဘယ်လိုရင်ဆိုင်ဖြေရှင်း ရမလဲဆိုတာကိုလည်း စဉ်းစားစေချင်ပါတယ်။ လက်တွေ့လည်း လုပ်ကြည့်စေချင်ပါတယ်။ လူတွေအများကြီးရှိနေပေမယ့် အဖော်မဲ့သလို ဖြစ်နေတဲ့ ခံစားမှုမျိုး ကြုံဖူးကြမှာပါပဲ။
ဘယ်သူပဲဖြစ်ဖြစ် တစ်ဖြည်းဖြည်းနဲ့ အနည်းနဲ့ အများ အဖော်မဲ့နေသလို အထီးကျန်နေသလိုမျိုးဟာ ကြုံတွေ့ရတတ်ပါတယ်။ အချို့လူတွေဟာ အလုပ်သိပ်များတယ် ဘယ်တော့မဆို ခပ်သုတ်သုတ်လုပ်တယ်။ ခပ်မြန်မြန်သွားတယ်၊ ပြောတယ်၊ လုပ်တယ်။ သူ့မှာ သူ့အနားကို ရောက်လာတဲ့ လူတစ်ယောက်ကို အေးအေးဆေးဆေး အာရုံပြုဖို့၊ ဒီလူပြောတာကို အေးအေးဆေးဆေး စဉ်းစားဖို့၊ အဲဒီလူကို ကိုယ့်စိတ်ထဲက ဘာပြောချင်လဲဆိုတာကို စဉ်းစားပြီးတော့ ပြန်ပြောဖို့ရာ အချိန်မရှိဘူး။
အခုခေတ်က အလုပ်အင်မတန်များတဲ့ခေတ်၊ အပျော်အပါးတွေ အင်မတန်များတဲ့ခေတ် ဖြစ်တော့ လူလူချင်းဆက်ဆံရေးမှာ အချိန်တွေဟာ လျော့လျော့ကုန်သွားတယ်။ အနောက်နိုင်ငံမှာဆိုရင် မိဘနဲ့သားသမီး စကားပြောချိန်ဟာ တစ်နေ့မှမိနစ် ၂ဝ လောက်ပဲရှိတယ်တဲ့။ လူလူချင်းထိတွေ့မှု Human contact တဖြည်းဖြည်း နည်းသွားနေတယ်။
အဖော်ဆိုတာ ဘယ်လိုမျိုးကိုခေါ်မလဲ။ ကိုယ့်စိတ်ထဲမှာ ဘာတွေဖြစ်နေမလဲ၊ ဘာတွေခံစားနေရမလဲကို ကိုယ်ချင်းစာတဲ့သူ၊ နားလည်တဲ့သူ။ နားလည်တယ် ဆိုတဲ့နေရာမှာလည်း ကိုယ့်ရဲ့ အကောင်းရော အဆိုးရော အားနည်းချက်ရော အကုန်လုံးကို နားလည်တာကိုဆိုလိုတာနော်။ ကိုယ့်ကိုအလကားနေရင်း အပြစ်မတင်တဲ့သူ၊ မဝေဖန် မရှုတ်ချတဲ့သူ၊ အပြစ်မရှာတဲ့သူကို ကိုယ့်အဖော်လို့ခေါ်တယ်။ သာမန်အားဖြင့် လူတွေက အပြစ်မရှိအပြစ်ရှာတက်တယ်။ အပြစ်သေးသေးလေးကို ပုံကြီးချဲ့တတ်တယ်။ အဖော်ကောင်း မိတ်ဆွေကောင်းတွေဟာ အဲဒီလို မလုပ်ဘူးနော်။ ကိုယ့်ရဲ့ချို့ယွင်းချက်ကို စေတနာ၊မေတ္တာနဲ့ မထောက်ပြဘူး မဆိုလိုဘူးနော်။ ကိုယ့်မှာ အမှားတွေ ချို့ယွင်းချက်တွေ ရှိနေရင်တောင်မှ အဲဒါကို ကိုယ်ချင်းစာပြီးတော့ နားလည်အောင်ကြိုးစားတယ်။ ငါဟာ သူ့နေရာမှာ နေရရင် ဘယ်နှယ့်များနေမလဲလို့ ကိုယ်ချင်းစာတတ်တယ် ကိုယ့်စကားကို သေသေချာချာနားထောင်တယ်။ ဆုံးအောင် နားထောင်တယ်။ အဓိပ္ပါယ်ကိုလည်း မှန်မှန်ကောက်တယ်။
ဒီအချက်တွေကို သေသေချာချာ စဉ်းစားပါနော်။ အဖော်ဖြစ်ဖို့ရာ လိုအပ်တဲ့ အင်္ဂါရပ်တွေက တော်တော်များပါတယ်။ ကိုယ်အနားမှာ ထိုင်နေရုံနဲ့ အဖော်လို့ ပြောလို့မရဘူး။ ကိုယ်ပြောတဲ့ စကားကို မှန်မှန်ကန်ကန်နဲ့ နားလည်မှသာ သူနဲ့ ကိုယ်နဲ့ အဖော်ဖြစ်နိုင်တယ်။ ကိုယ်က စကားတစ်ခုခုပြောတယ်။ သူက သူ့ဟာသူ လိုသလို အဓိပ္ပါယ်ကောက်တယ်။ ကိုယ်က အဲဒါငါပြောချင်တဲ့ အဓိပ္ပါယ်မဟုတ်ပါဘူးလို့ ပြန်ရှင်းပြရင်တောင်မှ သူက လက်မခံဘူး။ ကိုယ်ကောက်ချင်တဲ့ အဓိပ္ပါယ်ပဲကောက်တယ်။ အဲဒါမျိုးလုပ်တတ်တယ်ဆိုရင် အဲဒီလူနှစ်ယောက်ဟာ အဖော်မဖြစ်နိုင်ဘူး။ နားလည်တယ်ဆိုတဲ့ ကိစ္စဟာ ရာခိုင်နှုန်းပြည့် ဘယ်တော့မှ မဖြစ်နိုင်ဘူး။ သို့သော် တဆင့်နှိပ်ပီ ပြောရမယ်ဆိုရင် နားလည်ချင်စိတ်ရှိတယ်။ နားလည်ဖို့ ကြိုးစားတယ်ဆိုရင်ပဲ အင်မတန်တော်လှပါပီ။ အဲဒီလောက်ရှိပီဆိုရင်ပဲ ဒီလူနှစ်ယောက်ဟာ အဖော်ဖြစ်လို့ရပီ။
အများစုကတော့ တစ်အိမ်ထဲမှာ အတူတူပင်နေသော်လည်း တစ်ယောက်ကိုတစ်ယောက် အဓိပ္ပါယ်တွေ ကောက်တာတွေ လွဲနေတယ်။ စကားကို ဆုံးအောင်နားမထောင်ဘူး။ ကိုယ်ချင်းမစာဘူး။ နားမလည်ဘူး။ ခန္ဓာကိုယ်ချင်း ထိပီ ထိုင်နေသော်လည်း စိတ်ချင်းတစ်ယောက်နဲ့ တစ်ယောက် မသိဘူးလို့ ပြောလို့ရတယ်။ သူ့လည်း ငါမသိ ငါ့လည်း သူမသိ။ ဒီလို မသိနိုင်တဲ့သူ နှစ်ယောက် အဖော်မဖြစ်နိုင်ပါဘူး။ ငါ့ကို သိမှ ငါနဲ့ အဖော်ဖြစ်မယ်။ ငါဘယ်လိုခံစားနေတယ်ဆိုတာ သိမှ ငါနဲ့ အဖော်ဖြစ်မယ်။
ဥပမာ... သင်္ချာပညာရှင် တစ်ယောက်နဲ့ ရူပဗေဒ ပညာရှင်တစ်ယောက်ရှိတယ်ဆိုပါတော့.. မက်စ်နဲ့ ဖေစ့်စစ် သူတို့နှစ်ယောက်ဟာ ဘာသာရပ်ချင်း ဆက်စပ်မှုချင်းနည်းနည်းရှိနေတော့ တစ်ယောက်ကို တစ်ယောက် ဒီဘာသာရပ်နဲ့ ပတ်သက်တာတွေ ပြောကြမယ် ဆိုကြမယ် ဆွေးနွေးကြမယ်။ ဒါပေမဲ့ သူတို့နှစ်ယောက် အဖော်မဖြစ်ဘူး။ ဘယ်ဖြစ်လို့လဲ ဆိုတော့ အဲဒါ အပြင်ပကြောင့်ဖြစ်တယ်။ ကိုယ့်ဘဝနဲ့ ကိုယ်ခံစားချက်နဲ့ တကယ်ပြည့်ပြည်ဝဝ ဆက်စပ်မှု မရှိသေးဘူး။ သို့သော် သူတို့နှစ်ယောက်က ပညာရှင် အချင်းချင်း ပညာကို တန်ဖိုးထားတဲ့ ဆက်ဆံရေးမျိုးဖြစ်တယ်။ အဲဒီလောက်နဲ့ ဆက်ဆံရေး မလုံလောက်ဘူး။ သူ့မှာ ဝမ်းနည်းတဲ့ အခါလည်းရှိတယ်။ စိုးရိမ်တဲ့ အခါလည်းရှိတယ်။ အားငယ်တဲ့ အခါလည်းရှိမယ်။ တစ်ချိန်မှာ ဝမ်းသာမဲ့အခါလည်း ရှိမယ်။ အဲဒါတွေ အားလုံးကို မျှဝေပြောပြနိုင်ပါမှ မိတ်ဆွေကောင်း အဖော်ကောင်းလို့ ခေါ်နိုင်တယ်။
ဘယ်သူဖြစ်ဖြစ် တစ်ခါတစ်လေ ဝမ်းနည်းတတ်တယ်။ ဒါပေမဲ့ အဲဒါကို ဟန်လုပ်ပီ ဖုံးကွယ်ပီ နေတတ်တယ်။ လူနဲ့ တွေ့တဲ့အခါ ပျော်နေတဲ့ အမူအရာမျိုးလုပ်ပြတယ်။ ငါဝမ်းနည်းနေတာ လူတွေ မတွေ့စေရဘူး။ လူသိသွားရင် ငါ့ကို ပျော့ညံ့တဲ့လူလို့ ထင်မယ်။ အဲဒီတော့ ဟန်လုပ်ပီ နေရတာ သိပ်ပီတော့ lonely ဖြစ်တယ်။ တချို့ ကိုယ်လုပ်ချင်တဲ့ကိစ္စတွေထဲမှာ ကိုယ့်ဟာကိုယ်ပြန်ပီ ရှင်းရတဲ့ ကိစ္စမျိုး ရှိချင်ရှိမယ်။ မအောင်မြင်တဲ့ ကိစ္စမျိုးလည်းရှိချင် ရှိမယ်။ အဲဒီလို ကိုယ်စိတ်ထဲမှာ ရှက်တာ ကြောက်တာ အားငယ်တာ စိုးရိမ်တာ ဝမ်းနည်းတာတွေကို မသိတဲ့သူ နားမလည်တဲ့သူ ကိုယ်ချင်းမစာတဲ့ သူတွေအတွက် အဖော်မဖြစ်နိုင်ပါဘူး။ အထူး သဖြင့် ကိုယ်နဲ့ အတူနေတဲ့သူတွေဆိုရင် အရေးကြီးပါတယ်။ တချို့လူတွေဟာ လူအများနဲ့ တကယ်ခင်ခင်မင်မင် ရင်းရင်းနှီးနှီး မဆက်ဆံကြဘူး။ လူတွေနဲ့ ကင်းကွာပီ တစ်ယောက်တည်း ဖြစ်နေတယ်။ တစ်ယောက်တည်း ဖြစ်နေတာကိုလဲ ရင်ထဲမှာ ခံရတာ ခက်နေတယ်။ ကိုယ်အကြောင်းကို ပြန်စဉ်းစားမိရင် ပြန်တွေးမိရင် ရင်ထဲမှာ ခံရတာ ခက်နေတယ်။ ဒါကိုလည်း လူတွေ အတော်များများ ခံစားဖူးမှာပါနော်။
forward.ထဲကကူးယူထာတာပါ။ကျွန်တော်ဖတ်ဖို့

Monday, November 9, 2009

လူ့အဆင့်အတန်းနှင့် လူ့တန်ဖိုး…

လူ့အဆင့်အတန်းကို မည်သို့တိုင်းတာမည်နည်း၊ မည်သည့်ပုံစံခွက်နဲ့ ခွဲခြားနိုင်မည်နည်း။လူ့အဆင့်အတန်းကို လူတွေက သတ်မှတ်ခြင်းလား သို့တည်းမဟုတ် လူအဆင့်အတန်းကပဲ လူတွေကို ခွဲခြားနေခြင်းလား ဆန်းစစ်ရန်လိုအပ်ပေသည်။
များသောအားဖြင့်လူအများစုသည် ငွေကြေး ဥစ္စာပစ္စည်းကြွယ်ဝချမ်းသာမှု၊ ရာထူးဂုဏ်ရှိန်တန်ခိုးအာဏာ၊ ဆွေမျိုးအင်အား စသည်တို့နှင့် လူ့အဆင့်အတန်းကို တိုင်းတာလေ့ရှိကြပါသည်။ ပညာတတ် လူတန်းစားများသည် ပညာအရည်အချင်း ဘွဲ့ရာထူး တို့နှင့် တိုင်းတာလေ့ရှိကြပါသည်။
သတ်မှတ်ခြင်း၏ နောက်ကွယ်တွင်….ချမ်းသာကြွယ်ဝမှုနဲ့ မိမိတို့ကိုယ်ကို မိမိတို့ အဆင့်အတန်းမြင့်သည်ဟုသတ်မှတ်လေ့ ရှိသောလူချမ်းသာ လူ့ဘူဇွာ အများစုသည် များသောအားဖြင့် အလှူအတန်း ရက်ရက်ရောရော ပြုလုပ်ခြင်းဖြင့် လူအများသိမြင်အောင် ကြွားလုံးထုတ်လေ့ရှိပါသည်။ အမှန်စင်စစ် လူအများ၏နောက်ကွယ်တွင် လက်တဖက်က ပေးလှူပြီး တခြားလက်တဖက်က ပြန်လည်ခိုးယူ နှိုက်ယူနေကြသည်မှာ ထိုသူတို့သတ်မှတ်ထားသော လူ့အဆင့်အတန်း ဖြစ်နိုင်ပေသည်။
ဆွေစဉ်မျိုးဆက် တန်ခိုးအာဏာ အရှိန်အဝါ ကြီးမားမှုနဲ့ အစဉ်အမြဲ ဂုဏ်ယူလေ့ရှိသော လူကုံထံလူပေါ်လူဇော် တို့သည် အမြဲတစေ ပွဲလမ်းသဘင် ပါတီ အခန်းအနားတို့တွင် ခေါင်းပေါင်းစ တလူလူ ပုဝါနှစ်စ စုံချ၍ မိန့်မိန့်ကြီး ပြုံးကာ ဂုဏ်ယူဝံ့ကြွားလေ့ ရှိကြပါသည်။ တကယ်တမ်း လူမသိသူမသိ မိဘအရှိန်အဝါမရှိ ဝမ်းရေးအတွက် မလုပ်မဖြစ် သူတပါးအိမ်တွင်ကျွန်ခံနေရသောမျက်နှာမွဲမိန်းမငယ်များကို အနိုင်ကျင့် စော်ကားမော်ကား လက်ရဲဇက်ရဲ လုပ်နေကြသည်မှာလည်း သူတို့မှတ်ယူနေသော လူ့အဆင့်အတန်းထဲမှ တစ်ခု ဖြစ်နိုင်ပေသည်။
ပညာအရည်အချင်း ဘွဲ့ရာထူးနဲ့ ခေါင်းမော့ ခြေဖျားထောက်လေ့ရှိသော ပညာတတ်လူတန်းစားတို့သည် မိမိတို့နဲ့သက်ဆိုင်ရာ နေရာတိုင်း ဋ္ဌာနတိုင်းတွင် မာနမျက်နှာမချိုမြသောမျက်နှာတို့ဖြင့်လူအများကို ဆက်ဆံလေ့ရှိပြီး ၄င်းတို့အကျိုးရှိမည့် မည်သည့်ကိစ္စအတွက်မဆိုလူမှုရေး ဖောက်ပြန်မှုပြုလုပ်ရန် ဝန်မလေးကြပေ။ ဤသည်မှာလည်း ထိုသူတို့၏ လူ့အဆင့်အတန်းတခု ဖြစ်ပေသည်။
မြင့်မြတ်သော လူ့အဆင့်အတန်းသေချာသည်မှာ လူတယောက်၏ အဆင့်အတန်းကို ထိုလူကိုယ်တိုင် ပြသနေခြင်းပင်ဖြစ်ပါသည်။လူတစ်ယောက်၏ အပြုအမူ အပြောအဆို အနေအထိုင်သာမက အရေးကြီးဆုံးဖြစ်သော စိတ်နေစိတ်ထား မြင့်မြတ်မှု၊ စိတ်ထားတတ်မှု စိတ်ကောင်းရှိမှု၊ စိတ်ဓာတ်ခိုင်မာမှု၊ မည်သို့သော အခြေအနေအချိန်အခါတွင်မဆိုမပြောင်းမလဲမဖောက်မပြန်သော စိတ်ဓာတ်ခွန်အားရှိမှုတို့သည်မြင့်မြတ်သော လူ့အဆင့်အတန်းကို ပြသနေသော အဓိက အကြောင်းများ ဖြစ်ပေသည်။
ခိုင်မာသောစိတ်ဓာတ်ရှိမှသာလျှင် ဆောင်ရွက်ချက် လုပ်ဆောင်ချက် နှင့် ရပ်တည်ချက်တို့သည်မယိမ်းမယိုင် ကျောက်တိုင်ကဲ့သို့ အမြဲ တည်တံ့နေပေမည်။ ထိုသို့မဟုတ်ပါက သူတပါး၏ သွေးထိုးမှု မြှောက်ပင့်ပေးမှု သွေးဆောင်မှု ဖြားယောင်းမှု ကြောင့်လေယူရာယိမ်းတတ်သောအရောင်ပြောင်းတတ်သောသူအဖြစ် အလွယ်တကူ အရေခွံ လဲတတ်ပေသည်။ မည်သည့်လုပ်ငန်းကိုမဆိုပြုလုပ်ရာတွင် အစမှ အဆုံးတိုင်အောင် မိမိ၏ ရပ်တည်ချက် ခံယူချက် ယုံကြည်ချက်ကို မပြိုလဲအောင်ထိန်းသိမ်းနိုင်ပြီး ပန်းတိုင်ကို ရယူရန်အတွက် လုပ်ငန်းများဆောင်ရွက်ရာတွင်မူ အခြေအနေ အချိန်အခါပြောင်းလဲမှု နှင့် ဖြစ်နိုင်ခြေရှိသော အကြောင်းအချက်များပေါ် မူတည်၍ သင့်တော်သလိုလိုအပ်သလို ပြုပြင်ဆောင်ရွက်သင့်ပေသည်။ ထိုကဲ့သို့သော လူတို့၏ နောက်ဆုံးခရီးနေဝင်ချိန်သည်ကား လှပ စည်ကားသိုက်မြိုက်မှာ သေချာလှပေသည်။
မိမိတို့ အားသန်ရာကို မိမိတို့သဘောကျသလိုမည်သို့ပင်သတ်မှတ်စေကာမူပတ်ဝန်းကျင်၏ချစ်ခင်မှု တန်ဖိုးထားမှု လေးစားမှု ယုံကြည်မှု အားကိုးမှု သာမက စံပြလူသားအဖြစ် သဘောထား မှတ်ယူမှုများကို မိမိ၏ လုပ်ဆောင်ချက်များဖြင့်သာ ရယူနိုင်ပေမည်။
လူ့စရိုက်နဲ့ ပတ်ဝန်းကျင်လူ့စရိုက်ဆိုသည်မှာ ပတ်ဝန်းကျင်နှင့်သက်ဆိုင်သည်ဟု အပေါ်ယံအားဖြင့် ထင်မြင်စရာရှိသော်လည်း ပတ်ဝန်းကျင်ထက် အရေးကြီးသည်မှာ လူ၏ မွေးရာပါ ပင်ကိုယ်စရိုက်ဖြစ်ပါသည်။
ပတ်ဝန်းကျင် မည်မျှပင်ကောင်းစေကာမူ ပင်ကိုယ်စရိုက် မကောင်းမှုကို ဆုံးမပဲ့ပြင် လမ်းညွှန်ပြသထိန်းကျောင်းမည့်သူ မရှိလျှင်သော်လည်းကောင်း၊ ရှိသော်ငြားလည်း ဆိုဆုံးမလွယ်သူ မဟုတ်လျှင်သော်လည်းကောင်း၊ မွေးရာပါ ပင်ကိုယ်စရိုက်တွင် ဝါသနာပါ ပူးတွဲနေပါက မည်သို့ဆုံးမစေကာမူတသက်လုံး မပြင်တော့ဘဲ သေသည်အထိ မိုက်တွင်းနက်ကြပေလိမ့်မည်။
ပင်ကိုယ်စရိုက်ကောင်းမွန်သောလူတစ်ယောက်သည်မည်သည့်ဘဝ၊မည်သည့်နေရာမဆို၊ မည်သည့်အချိန်ဖြစ်ဖြစ် မည်သို့သောအပေါင်းအသင်းနဲ့ တွေ့စေကာမူ ပတ်ဝန်းကျင် မကောင်းသည့်တိုင်အောင်လမ်းမှားပေါ်ရောက်ရန် အင်မတန်ခက်ခဲလှပါသည်။ထိုသူ၏ ပင်ကိုယ်စရိုက်ကောင်းသည် မိမိကိုယ်ကို ထိန်းကျောင်းနိုင်သည်သာမက ပတ်ဝန်းကျင်ကိုပါတည့်မတ် ကောင်းမွန်စေတတ်ပါသည်။ ပတ်ဝန်းကျင်၏ကောင်းခြင်းဆိုးခြင်းသည်ထိုသူအပေါ်မလွှမ်းမိုးနိုင်ဘဲထိုသူ၏ကောင်းမြတ်တဲ့ ပင်ကိုယ်စရိုက်အကျင့်သီလ နှင့်တကွ သင့်မြတ်မှန်ကန်တဲ့ အနေအထိုင်သည်သာ ပတ်ဝန်းကျင်ကို သြဇာသက်ရောက်မှု ရှိစေမည်ဖြစ်သည်။
အမှန်စင်စစ် အရေးကြီးဆုံးမှာ ပင်ကိုယ်စရိုက်နှင့် အသိဥာဏ်ပေါ် မူတည်ပြိး ဖြစ်ပေါ်လာသော အပြုအမူအပြောအဆို အနေအထိုင်သာမက အကျင့်သီလ သိက္ခာ သမာဓိသာလျှင် အဓိကဖြစ်ပေသည်။
အကယ်၍ လူတစ်ယောက်သည် ငယ်ရွယ်စဉ်ကလေးဘဝက ဆိုးဝါးလှတဲ့ ပတ်ဝန်းကျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ကာ စိတ်ဒဏ်ရာ နာကျည်းမှု စိတ်မလုံခြုံမှု ရခဲ့သည့်တိုင် ၄င်း၏ ပင်ကိုယ်စရိုက်နှင့် အသိဥာဏ်သာကောင်းမွန်မြင့်မြတ်မည် ဆိုပါက ကြီးပြင်းလာသောအချိန်တွင် ရောက်ရှိနေသော ပတ်ဝန်းကျင်နဲ့ လျော်ညီစွာမိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ကာ သင့်လျော်သော အေးချမ်းသော မြင့်မြတ်သာလွန်သော ကိုယ် စိတ်နှလုံး သုံးပါးလုံးကို ပိုင်ဆိုင်နိုင်သောသူဖြစ်ပေမည်။ ပတ်ဝန်းကျင်ကို အပြစ်တင် ဝေဖန် လက်ညှိုးထိုး နေမည့်အစား မိမိကိုယ်ကို ဆန်းစစ်ဝေဖန်သုံးသပ်ပြီး ပြုပြင်ယူသင့်ပေသည်။
လူ့တန်ဖိုးကို ကြည့်တတ်ပါစေလူဆိုသည်မှာ အစစအရာရာ မပြည့်စုံနိုင်ပေ။ ကောင်းသောအားသာချက်ရှိနိုင်သကဲ့သို့ မကောင်းသောအားနည်းချက်လဲ ရှိနိုင်ပါသည်။ ကောင်းသောအချက်များကိုသာ ကြည့်ပြီး လူကောင်းဟု မသတ်မှတ်နိုင်သလို ဆိုးသောအချက်များသာ ကွက်ကြည့်ပြီး လူဆိုးဟုလဲ မခေါ်ဆိုနိုင်ပေ။ ကောင်းသော အချက်များသည်လူ့ပတ်ဝန်းကျင်ကိုအကျိုးပြုနေပြီးလူ့အကျိုးဆောင်နေ
မည်ဆိုပါကလူ့အသိုင်းအဝိုင်းတခုလုံးကလူကောင်းဟုသတ်မှတ်ပေလိမ့်မည်။ ထို့အတူ မိမိ၏မကောင်း သောလုပ်ရပ်များက မိမိဘေးပတ်ဝန်းကျင်မှ အစပြုပြီး လူသားအားလုံးကို အန္တရာယ်ပေးနိုင်မည်ဆိုပါက လူဆိုးဟု ခေါ်ဝေါ်ပေလိမ့်မည်။
လူ့တန်ဖိုးဆိုသည်မှာ ကြည့်တတ်သောသူမှသာလျှင် မြင်နိုင်ပါသည်။ လူ့တန်ဖိုးသည် ကြည့်တတ်သောသူအပေါ်မူတည်ပြီး အမျိုးမျိုး ပြောင်းလဲနေပါသည်။ လူများကို အပေါ်စီးမှ ကြည့်တတ်သူ တနည်းအားဖြင့် မိမိကိုယ်သာလျှင်အတော်ဆုံး အတတ်ဆုံးလို့ ထင်နေသောသူများသည် လူအချင်းချင်း အထင်သေးလွယ်ပြီးလူ့တန်ဖိုးကို အလွယ်တကူမသိနိုင်ပေ။ လူများကို အောက်မှ မော့ကြည့်တတ်သူ (သို့) မိမိကိုယ်ကို ယုံကြည်မှုမရှိသူများသည် မည်သူ့ကို မဆို အထင်ကြီးလွယ်ပြီး ယုံလွယ်တတ်ကြပါသည်။ လူများကို တန်းတူရည်တူသဘောထားပြီး လူ့အရည်အချင်းကို အထင်မသေးလွန်း အထင်မကြီးလွယ်သူများသာလျှင် လူ့တန်ဖိုးကိုမှန်မှန်ကန်ကန် မြင်နိုင် ယုံယုံကြည်ကြည် အသုံးချနိုင်ပေလိမ့်မည်။ နေရာတိုင်းတွင် အယုံအကြည်မလွယ်သင့်သလို အယုံအကြည်မဲ့တာမျိုးလည်း မဖြစ်သင့်ပေ။ အစဉ်အမြဲ သံသယစိတ်နှင့် အထင်သေးမည်ဆိုပါကလည်း နောက်ဆုံးတွင် မိမိအရိပ်ကိုပင် မိမိမယုံကြည်တော့ဘဲ အထီးကျန်စိတ်နှင့် အရာရာကျဆုံးသွားနိုင်ပေလိမ့်မည်။
အမှန်စင်စစ် လူတစ်ယောက်၏ကံကြမ္မာကို မည်သည့်နတ်သိကြား နတ်ဘုရားမှဖန်ဆင်းယူ၍ မရနိုင်သကဲ့သို့ ဘေးပတ်ဝန်းကျင်မှလည်း ပြုပြင်ယူ၍ မရနိုင်ပေ။ မိမိ၏ကိုယ်စိတ်နှလုံး သုံးပါးနှင့်တကွကာယကံဝဇီကံမနောကံတည်းဟူသော ကံသုံးပါးသာလျှင် မိမိ၏ဘဝတစ်ခုလုံးကိုသာမက သံသရာတလျှောက်လုံးတွင်ပါ တန်ဖိုးရှိသူအဖြစ် လမ်းပြကြယ်သဖွယ်
ဖန်ဆင်းပြုပြင်ယူသွားမည် ဖြစ်ပါသည်။ ။
forward.ထဲကကူးယူထာတာပါ။ကျွန်တော်ဖတ်ဖို့

Tuesday, October 27, 2009

မဆုတ်မနစ်သော စိတ်ဇွဲ...

ရေအောက်ရတနာ ရှာဖွေသူ မဲလ်ဖစ်ရှာ ဆိုသူ တစ်ယောက်ရှိသည်.။ အာတိုချာ အမည်ရှိ စပိန်ရှေးဟောင်း သင်္ဘောတစ်စင်းသည် အမေရိကန်ပြည် အရှေ့တောင်ပိုင်း ဖလော်ရီဒါကျွန်းဆွယ်အနီး ပင်လယ်ပြင်တစ်နေရာ၍ နစ်မြှပ်ခဲ့ကြောင်းနှင့် ထိုသင်္ဘောပေါ်တွင် အဖိုးတန်ရတနာ အမြောက်အမြား ပါသွားခဲ့ကြောင်းကို ဖစ်ရှာသည်.စပိန်မော်ကွန်းတိုက်ရှိ မှတ်တမ်းတစ်ခါအရ သိရှိခဲ့ရသည်..။ သို့သော် တစ်စွန်းတစ်စ သိရရုံမျှသာ ဖြစ်ပြီး အာတိုချာနှင့် ပတ်သတ်၍ ပြည့်စုံခိုင်မာသော အချက်မလက်များကိုကား သူ ဘယ်ကမျှ မရရှိခဲ့ပေ..။ အထောက်အထား နည်းသော်လည်း ဖစ်ရှာသည် ရေအောက်ရတနာ ရှာဖွေရေးနှင့် ပတ်သတ်၍ အတွေ့အကြုံ ကြွယ်ဝသူဖြစ်ရာ သူ.ယခုရထားသော အထောက်အထားမျှနှင့်ပင် “ အာတိုချာ ” ကို ရှာဖွေရန် အကြောင်းလုံလောက်သည်ဟု ယုံကြည်ခဲ့သည်.။ ဖစ်ရှာ သည် အာတိုချာအား ဆယ့်ခြောက်နှစ်တိုင်တိုင် ရှာဖွေခဲ့ပြီး ၊ ရှာဖွေစရိတ်အဖြစ် ဒေါ်လာ ၁၆ သန်းနီးပါးမျှ ကုန်ကျခဲ့သည်.။ ထိုဆယ်ခြောက်နှစ်အတွင်း သူသည် အာတိုချာသင်္ဘောမှ ကျသည်ဟု ယူဆရသည့် ရှေးခေတ်လက်ရာ ပစ္စည်းအချို့ကို ပင်လယ်ရေအောက် ကြမ်းပြင်တစ်နေရာမှ တွေ့ရှိခဲ့ရသည်.။ သို့သော် သင်္ဘောကိုကား မတွေ့ရသေးပေ..။ နှစ်ကာလ ရှည်ကြာလာသောအခါ ဖစ်ရှာအား အာတိုချာ ရှာဖွေရေးအတွက် ငွေအရင်းအနှီး ထောက်ပံ့ပေးသူများက အယုံအကြည်ကင်းမဲ့လာကြသည်.။ ရေအောက်မှ ရသည် ဆိုသော ပစ္စည်းတွေကလည်း အတုအယောင်ပင်ဖြစ်မည်ဟု မှတ်ယူလာကြသည်.၊ နောက်ထပ် ငွေးကြေးတောင်းခံကောင်းအောင် ကြံဖန်ခြင်းဖြစ်မည်ဟု မှတ်ယူလာကြသည်.။ သည်အလုပ်ကို ဆက်မလုပ်ပါနဲ့တော့ဟု တားမြစ်သူတွေ တားမြစ်လာကြသည်.။ ဖစ်ရှာသည် တစ်နေ့တခြား အကြွေးထူးသထက် ထူလာခဲ့လေသည်.။ နောက်ဆုံးတွင် သူ၏ ရှာဖွေရေးသင်္ဘောမှ အဖွဲ့သားများကိုပင် လစာငွေ မရှင်းပေးနိုင်သည့် အနေအထားသို့ ရောက်လာခဲ့သည်.။ သို့သော် ဖစ်ရှာ၏ အဖွဲ့သားများသည် သူတို့ ခေါင်းဆောင်၏ စိတ်ဓါတ်နှင့် ဇွဲသတ္တိကို လေးစား ကြသည် ဖြစ်ရာ ၁၆ ပတ်ဆက်တိုက်လစာမရသည့်တိုင်အောင်ပင် သင်္ဘောမှ မထွက်ခွာပဲ ရှာဖွေရေးလုပ်ငန်းကို ဆက်တိုက်လုပ်ကိုင်နေခဲ့ကြသည် ။ ရှာဖွေရေး ကိစ္စအတွက် ဖစ်ရှာ မည်မျှ စွန်လွှတ် အနစ်နာခံခဲ့ရကြောင်းနှင့် သူမှာ ပြင်းပြသော စိတ်ဓါတ်နှင့် ယုံကြည်မှုများ ရှိနေကြောင်းသူတို့အားလုံးသိပြီးဖြစ်သည်.။ ဖစ်ရှာသည် ရေငုတ်ရှာဖွေရေး လုပ်ကိုင်ရင်း သားတစ်ယောက်နဲ့ ချွေးမတစ်ယောက် ရေနစ်သေဆုံးသည့်တိုင်အောင် နောက်မဆုတ်ခဲ့သယ ဖြစ်သည်.။ ငွေရေး ကိစ္စကို သူ နည်းနည်းလေးမှ အရေးမထား.။ နှစ်ပေါင်းများစွာ သူစွဲကိုင်လာသော ဝါဒမှာ “ ဒီနေ့ တွေ့ရမယ် ” ဟူသော ဝါဒပဲ ဖြစ်သည်.။ သူ့သားကွယ်လွန်ပြီး ဆယ်နှစ်မြောက်သည့်အချိန်တွင် ဖစ်ရှာသည် “ အာတိုချာ ” ကို ရှာဖွေတွေ့ရှိခဲ့ပေသည်.။ အာတိုချာကို တွေ့ရှိလိုက်သဖြင့် ဖစ်ရှာသည် နေ့ချင်းညချင်း ကျော်ကြားသွားသကဲ့သို့ အလွန်ကြွယ်ဝချမ်းသားသူတစ်ဦးလည်း ဖြစ်သွားခဲ့သည်.။ အာတိုချာမှ ရရှိခဲ့သော ပစ္စည်းများသည် ဒေါ်လာကုဋေပေါင်းများစွာ တန်သကဲ့သို့ သမိုင်းဝင် ပစ္စည်းများလည်း ဖြစ်ရာ တချို့ဆိုရင် တန်ဖိုးဖြတ်နိုင်ရန်ပင် ခဲ့ယဉ်းလှသည်.။ ရေအောက် ရတနာရှာဖွေမှု သမိုင်း၌ ဖစ်ရှာ၏ အာတိုချာတွေ့ရှိမှုကို အကြီးကျယ်ဆုံး တွေ့ရှိမှုကြီး အဖြစ်မှတ်တမ်းတင်ခဲ့ကြပေသည်.။ ထိုကြောင့်...လူတစ်ယောက်မှာ ရည်ရွယ်ချက် အိပ်မက် ကြီးကြီး မက်လေလေ မဆုတ်မနစ်သော စိတ်ဇွဲ ရှိရန် လိုအပ်လေ ဖြစ်ကြောင်း ဖစ်ရှာ၏ သာဓက က ဖော်ဆောင်နေလေသည်.။..ရေးသားသူကိုဇော် ခံစားပုံဖော်သည်.။http://zaw357.multiply.com/journal/item/719

Tuesday, October 20, 2009

သုဘာသိတ၀ါစာ အင်္ဂါ(၅)ပါး

သုဘာသိတ၀ါစာ အင်္ဂါ(၅)
၁။ ကာလ = သင့်တင့်လျှောက်ပတ်သော ကာလ၌ ပြောဆိုခြင်း၊
၂။ သစ္စ = မှန်ကန်သော စကားကို ပြောဆိုခြင်း၊
၃။ သုခုမ = သိမ်မွေ့စွာ ပြောဆိုခြင်း၊
၎။ အတ္ထ = အကျိုးရှိသော စကားကို ပြောဆိုခြင်း၊
5နဒုဗ္ဘာ = မကောင်းစကား မပြောခြင်း ။

အကြောင်း(၃)ပါးညီသော စကား
၁။ ဒုဗ္ဘာသိတာ = မကောင်းသောစကားလည်း မဖြစ်စေရ၊
၂။ အန၀ဇ္ဇာစ = ရာဂအစရှိသော မပြစ်မှလည်း ကင်းခြင်း၊
၃။ အနိန္ဒ၀ဇ္ဇာစ = ပညာရှိတို့ ကဲ့ရဲ့ခြင်းမှ လွတ်ကင်းခြင်း ။

စကား(၆)ခွန်း
၁။ ဟုတ်လည်းမဟုတ်၊ သူလည်းမနာလို၊ အကျိုးမရှိစကား။
၂။ ဟုတ်၏၊ သူကားမနာလို၊ အကျိုးမရှိစကား။
၃။ မဟုတ်၊ အကျိုးမရှိ၊ သူကနာလို၏။
၎။ ဟုတ်၏၊ နာလို၏၊ အကျိုးမရှိ။
၅။ ဟုတ်၏၊ အကျိုးရှိ၏၊ သူကား မနာလို။
၆။ ဟုတ်၏၊ အကျိုးရှိ၏၊ သူလည်း နာလို၏။
(အမှတ်စဉ် ၅၊ ၆ သာ ပြောဆိုရာသည်)

စကားအရာ အင်္ဂါ(၄)တန်
၁။ တရားနှင့် ပတ်သက်သောစကား ပြောခြင်း
၂။ တရားမှကင်းသော စကားမပြောခြင်း
၃။ ချစ်ဖွယ်သောစကား ပြောခြင်း
၎။ ဟုတ်မှန်သော စကားပြောခြင်း။
(တစ်နည်း)
၁။ ကံ၊ ကတ္တား၊ တြိယာနှင့် ပြည့်စုံခြင်း
၂။ ချစ်နှစ်သက်ဖွယ်ရှိခြင်း
၃။ ဖြောင့်မှန်ခြင်း
၎။ တရားနှင့် ယှဉ်ခြင်း ။

စကား(၅)ရပ်
၁။ စကားပြောသည့်အခါ လျှာလည်တိုင်း မြူးကွန့်၍ စကားအဖူးအညွန့်တွေ မထွက်စေနှင့်၊
၂။ လက်တွင်းရောက်ပြီးရတနာ ဘယ်ခါမှ မစွန့်ရ၊
၃။ စိတ်ထဲက ကြံသည်ကို မျက်နှာမှာ မပေါ်စေရ၊
၎။ ကိုယ်ကို ဣနြေ္ဒဖုံး၍ အပြုံးမလွတ်စေရ၊
၅။ မိမိကိုမြင်လျှင် အထင်းမှားချင် မှားကြပါစေ၊
သို့သော်- ခြင်္သေ့လိုလည်း မဟောက်နှင့်၊
- ယုန်လိုလည်း မကြောက်နှင့်၊-
မြစ်လိုလည်း မကောက်နှင၊့်
- တောင်လိုလည်း မမောက်နှင့်၊-
တွင်းလိုလည်း မစောက်နှင့် ။

စကားကောင်းအင်္ဂါ(၁၀)ပါး
၁။ ပြောသင့်သော အချိန်အခါ၌ ပြောခြင်း၊
၂။ ဟုတ်မှန်သော စကားကို ပြောခြင်း၊
၃။ တရားနှင့်စပ်သောစကားကို ပြောခြင်း၊
၎။ အကျိုးနှင့်စပ်သော စကားကို ပြောခြင်း၊
၅။ ချစ်ဖွယ်သော စကားကို ပြောခြင်း၊
၆။ ပြုံးခြင်း ရှေ့ထား၍ ပြောခြင်း၊၇။ နှိုင်းချိန်၍ ပြောခြင်း၊
၈။ အလျင်တဆော အလောတကြီး မပြောခြင်း
၊၉။ ပြည်ကြီးတိုင်းလုံး စကားဖြင့် ပြောခြင်း၊
၁၀။ အက္ခရာဋ္ဌာန်ကရိုဏ်း ပီသစွာ ပြောခြင်း ။
http://aung-myay.blogspot.com/ကူယူထားပါသည်

Tuesday, October 6, 2009

သင်သာ အကောင်းဆုံးဖြစ်ပါစေ

ကဗျာ ဆရာကြီး ဒေါက်ကလပ်စ်မာလော့ ရဲ့ ကဗျာလေးပါ။သင်သည် တောင်ထိပ်ပေါ်က ထင်းရှုးပင်လေး မဖြစ်နိုင်ခဲ့ရင် တောင်ကြားထဲက ချုံပင်လေး ဖြစ်ပါစေ၊ သို့သော်လည်း တောင်ကြားနဘေး နေရာမှာ အကောင်းဆုံး ချုံပုတ်လေး ဖြစ်စေရပါမယ်။သစ်ပင်ကြီး မဖြစ်နိုင်လျှင်လည်း ချုံပုတ်လေးတော့ ဖြစ်ပါစေ။ချုံပုတ်လေး မဖြစ်နိုင်ရင် မြက်ပင်လေးဖြစ်ပါစေ၊ ဒါပေမဲ့ အဲဒီ မြက်ပင်လေးဟာ လမ်းမကြီးကို လှပအောင် တန်ဆာဆင်ပေးနေတဲ့ မြက်ပင်လေးတွေ ဖြစ်ပါစေ။အကယ်၍ သင်ဟာ ငါးသလောက် မဖြစ်လျှင် ငါးစင်ရိုင်းလေး ဖြစ်ပါစေ၊ အဲသည် ငါးစင်ရိုင်းလေးဟာ အလှဆုံး ငါးလေးတကောင် ဖြစ်နေပါစေ။ကျွနုပ်တို့ အားလုံးဟာ ခေါင်းဆောင်ချည်း မဖြစ်နိုင်ပါဘူး နောက်လိုက်တပည့် များလည်းဖြစ်နိုင်ပါတယ်။ဦးဆောင်ရသည် ဖြစ်စေ၊ နောက်လိုက်ရသည် ဖြစ်စေ မိမိရောက်ရာကနေ မိမိတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နိုင်ဖို့သာ အဓိက ဖြစ်ပါတယ်။အရေးကြီးတဲ့ အချက်ကတော့ ကြီးကြယ်တဲ့ အလုပ်ကိုပဲ ဖြစ်စေ၊ အသေးအဖွဲ သေးငယ်တဲ့ အလုပ်ဖြစ်စေ အစွမ်းကုန် လုပ်ဖို့ပါပဲ၊ မည်သည့် အလုပ်မဆို အတတ်နိုင်ဆုံး ကြိုးစားပါ။သင်ဟာ လမ်းမကြီး မဖြစ်နိုင်လျှင် လူသွားလမ်းလေးတော့ ဖြစ်ပါစေ။သင်ဟာ နေမင်းကြီး မဖြစ်နိုင်လျှင် ကြယ်ပွင့်လေးတော့ ဖြစ်ပါစေ။အကြီးအသေး အရွယ်အစားကို တွေးပြီး နေမင်းကြီး ဖြစ်မှသာ အောင်မြင်တယ် မယူဆလိုက်ပါနဲ့၊ သူ့အရွယ်အစားနဲ့သူ အရည်အချင်းလဲ မတူပါဘူး၊ ဘာကိုပဲ လုပ်လုပ် အရွယ်အစားကို လိုက်ပြီး အနိုင်အရှုံး ဘယ်လိုမှ ဆုံးဖြတ်လို့ မရဘူးဆိုတာ သိပါ၊ ဘာပဲ ဖြစ်ဖြစ် ဖြစ်သမျှ အခြေအနေမှာ အကောင်ဆုံးဖြစ်အောင် ကြိုးစားဖို့သာ အဓိက ပါပဲ။ဘာပဲဖြစ်ဖြစ် အကောင်းဆုံးသာ ဖြစ်ပါစေ။ဒါကြောင့် ဦးဇင်းတို့ ဘ၀မှာ ပူပင်သောက ကင်းဝေးပြီး ငြိမ်းချမ်းစွား အသက်ရှင် နေထိုင်လိုလျှင် အောင်ပါ အချက်တွေကို အမြဲသတိရပြီး ကျင့်ကြံပါလေ။သူတပါးကို မတုပနှင့်ကိုယ့်အစွမ်းအစကို တွေ့အောင်ရှာအရှိကို အရှိအတိုင်းကြိုးစားပါ။http://kovida.multiply.com/journal/item/92

အဆူဆူသော ဘုရားရှင်တို့၏ ဖြစ်တော်စဉ်

၁။ ဤကမ္ဘာမှ မရေတွက်နိုင်သော ကမ္ဘာ၌ …တဏှင်္ကရာမြတ်စွာဘုရားသည် လည်းကောင်း၊ မေဓင်္ကရာ မြတ်စွာဘုရားသည် လည်းကောင်း၊ သရဏင်္ကရာ မြတ်စွာဘုရားသည် လည်းကောင်း၊ ဒီပင်္ကရာမြတ်စွာဘုရားသည် လည်းကောင်း ထိုလေးဆူသော မြတ်စွာဘုရားတို့ သည် တစ်ခုတည်းသော သာရမဏ္ဍကမ္ဘာ၌ ပွင့်တော်မူကုန်၏။
၂။ ဒီပင်္ကရာမြတ်စွာဘုရား၏ နောက်အဖို့၌ ကောဏ္ဍညမည်သော မြတ်စွာဘုရား သည် တစ်ခုသော သာရကမ္ဘာ၌ တစ်ဆူတည်းသာလျှင် ပွင့်တော်မူ၍ များစွာသော သတ္တ၀ါအပေါင်းကို (နိဗ္ဗာန်သို့) ကယ်တင်တော်မူ၏။
၃။ ထိုဒီပင်္ကရာမြတ်စွာဘုရားနှင့် ကောဏ္ဍညမြတ်စွာဘုရားတို့၏ အကြား၌ ကမ္ဘာ တို့ကို ဂဏန်း (သင်္ချာ)အားဖြင့် မရေတွက်နိုင်ကုန်။
၎။ ကောဏ္ဍညမြတ်စွာဘုရား၏ နောက်အဖို့၌ မင်္ဂလမည်သော မြတ်စွာဘုရား သည် ပွင့်တော်မူ၏၊ ထိုမြတ်စွာဘုရားတို့၏ အကြား၌လည်း ကမ္ဘာတို့ကို ဂဏန်း (သင်္ချာ) အားဖြင့် မရေတွက်နိုင်ကုန်။
၅။ မင်္ဂလမြတ်စွာဘုရားသည် လည်းကောင်း၊ သုမနမြတ်စွာဘုရားသည် လည်း ကောင်း၊ ရေ၀တမြတ်စွာဘုရားသည် လည်းကောင်း၊ သောဘိတမြတ်စွာ ဘုရား သည် လည်းကောင်း စက္ခု (ငါးမျိုး) ရှိတော်မူကုန်သော အလင်းရောင်ကို ပြုတော် မူတတ်ကုန်သော ထိုမြတ်စွာဘုရားတို့သည်လည်း တစ်ခုသော သာရမဏ္ဍကမ္ဘာ၌ ပွင့်တော်မူကြကုန်၏။
၆။ သောဘိတမြတ်စွာဘုရား၏ နောက်အဖို့၌ များသော အခြံအရံရှိသော အနောမ ဒဿီ မြတ်စွာဘုရားသည် ပွင့်တော်မူ၏၊ ထိုမြတ်စွာဘုရားတို့၏ အကြား၌လည်း ကမ္ဘာတို့ကို ဂဏန်း (သင်္ချာ) အားဖြင့် မရေတွက်နိုင်ကုန်။
၇။ အနောမဒဿီမြတ်စွာဘုရားသည် လည်းကောင်း၊ ပဒုမမြတ်စွာဘုရားသည် လည်းကောင်း၊ နာရဒ မြတ်စွာဘုရားသည် လည်းကောင်း သစ္စာလေးပါးကို သိတော်မူကြကုန်သော အမိုက်မှောင်၏ အဆုံးကို ပြုတတ်ကုန်သော ထိုမြတ်စွာ ဘုရားတို့သည်လည်း တစ်ခုသော ၀ရကမ္ဘာ၌ ပွင့်တော်မူကုန်၏။
၈။ နာရဒမြတ်စွာဘုရား၏ နောက်အဖို့၌ ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် တစ်ခုသော သာရကမ္ဘာ၌ ပွင့်တော်မူလျက် များစွာသော သတ္တ၀ါအပေါင်းကို (နိဗ္ဗာန်သို့) ကယ်တင်တော်မူ၏။
၉။ နာရဒမြတ်စွာဘုရားနှင့် ပဒုမုတ္တရမြတ်စွာဘုရားတို့၏ အကြား၌လည်း ကမ္ဘာတို့ ကို ဂဏန်း (သင်္ချာ)အားဖြင့် မရေတွက်နိုင်ကုန်။
၁၀။ ကမ္ဘာတစ်သိန်းထက်၌ လောကသုံးပါးကို သိတော်မူသော ပေးလှူဖွယ်ပစ္စည်း ၀တ္ထုတို့ကို ခံတော်မူထိုက်သော ပဒုမုတ္တရမြတ်စွာဘုရားသည် တစ်ဆူတည်းသာ ပွင့်တော်မူ၏။
၁၁။ ပဒုမုတ္တရမြတ်စွာဘုရား၏ ဤမှာဘက်ဖြစ်သော ကမ္ဘာသုံးသောင်းထက်၌ သုမေဓမြတ်စွာဘုရား သည် လည်းကောင်း၊ သုဇာတမြတ်စွာဘုရားသည် လည်းကောင်း နျစ်ဆူသော မြတ်စွာဘုရားတို့သည် ပွင့်တော်မူကြကုန်၏။
၁၂။ သုဇာတမြတ်စွာဘုရား၏ ဤမှာဘက်ဖြစ်သော ကမ္ဘာ တစ်ထောင့်ရှစ်ရာထက် ၌ (နိဗ္ဗာန်သို့) ပို့ဆောင်တော် မူတတ်ကုန်သော ပိယဒဿီ အတ္ထဒဿီ ဓမ္မဒဿီ အားဖြင့် သုံးဆူသော မြတ်စွာဘုရား တို့သည် ပွင့်တော်မူကြကုန်၏။
၁၃။ သုဇာတမြတ်စွာဘုရား၏ ဤမှာဘက်၌ ကိုယ်တိုင် သစ္စာလေးပါးကို သိတော် မူကုန်သော ခြေနှစ်ချောင်းရှိသူ နတ်လူတို့ထက် မြတ်တော်မူကုန်သော လောက၌ ပြိုင်ဘက်ပုဂ္ဂိုလ် ရှိတော် မမူကုန်သော ထိုပိယဒဿီစသော မြတ်စွာဘုရားတို့သည် တစ်ခုသော ၀ရကမ္ဘာ၌ ပွင့်တော်မူကြကုန်၏။
၁၄။ ဤကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ လောကသုံးပါးကို သိတော်မူသော (ကိလေသာ) ငြောင့်ကို နုတ်ပယ်တော်မူတတ်သော အမြတ်ဆုံးပုဂ္ဂိုလ် ဖြစ်တော်မူ သော သိဒ္ဓတ္ထမြတ်စွာဘုရားသည် တစ်ဆူတည်းသာ ပွင့်တော်မူ၏။
၁၅။ ဤကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ တူသောသူ ရှိတော် မမူကုန်သော ပြိုင်ဘက်ပုဂ္ဂိုလ် ရှိတော် မမူကုန်သော တိဿမြတ်စွာဘုရားသည် လည်းကောင်း၊ ဖုဿမြတ်စွာဘုရားသည် လည်းကောင်း နှစ်ဆူသော မြတ်စွာဘုရားတို့သည် ပွင့်တော်မူကြကုန်၏။
၁၆။ ဤကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ၀ိပဿီမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏၊ သနားခြင်း ကရုဏာ ရှိတော်မူသော ထိုမြတ်စွာဘုရားသည်လည်း သတ္တ၀ါတို့ကို သံယောဇဉ်အနှောင်အဖွဲ့မှ လွတ်စေတော်မူ၏။
၁၇။ ဤကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ တူသောပုဂ္ဂိုလ် ရှိတော်မမူသော ပြိုင်ဘက်ပုဂ္ဂိုလ် ရှိတော် မမူကုန်သော သိခီမြတ်စွာဘုရားသည် လည်းကောင်း၊ ဝေဿဘူမြတ်စွာဘုရားသည် လည်းကောင်း နှစ်ဆူသော မြတ်စွာဘုရားတို့သည် ပွင့်တော်မူကြကုန်၏။
၁၈။ ဤဘဒ္ဒကမ္ဘာ၌ ကကုသန်မြတ်စွာဘုရားသည် လည်းကောင်း၊ ကောဏာဂုံ မြတ်စွာဘုရားသည် လည်းကောင်း၊ ကဿပမြတ်စွာဘုရားသည် လည်းကောင်း သုံးဆူသော မြတ်စွာဘုရားတို့သည် ပွင့်တော်မူကြကုန်၏။
၁၉။ ယခုအခါ ငါသည် ဘုရားဖြစ်တော်မူ၏၊ မေတ္တေယျမြတ်စွာဘုရားသည်လည်း (နောက်၌) ပွင့်တော်မူလတ္တံ့၊ ပညာရှိတော်မူကုန်သော လောကကို အစဉ် သနား စောင့်ရှောက်တော် မူတတ်ကုန်သော ဤငါးဆူသော မြတ်စွာဘုရားတို့သည်လည်း ဤဘဒ္ဒကမ္ဘာ၌ပင် ပွင့် တော်မူကြကုန်၏။
၂၀။ ဤတရားမင်း မြတ်စွာဘုရားတို့၏ လည်းကောင်း၊ အကုဋေမကများစွာသော အခြား တစ်ပါးသော မြတ်စွာဘုရားတို့၏ လည်းကောင်း ထိုဗုဒ္ဓ၀င် အကျင့်လမ်းကို ဟောကြားပြီးလျှင် ထိုမြတ်စွာဘုရားတို့သည် တပည့်သာဝကနှင့်တကွ ပရိနိဗ္ဗာန် ပြုတော်မူကြလေကုန်ပြီ။
နှစ်ကျိပ်ရှစ်ဆူ
ဂေါတမ ဘုရားရှင် ဖြစ်လာမည့် သုမေဓါ ရှင်ရသေ့အား နောင် ဘဒ္ဒကမ္ဘာ တွင် ဂေါတမ အမည်ဖြင့် ဘုရားဖြစ်မည် ဟု ဗျာဓိတ်ပေးသော “ ဒီပင်ကရာ” ဘုရားရှင် ပွင့်တော်မူသော သာရမဏ္ဍကမ္ဘာ တွင် ပွင့်တော်မူကြသော ဘုရားရှင်များ မှ ဂေါတမ ဘုရားရှင်အထိ ဘုရားရှင် ၂၈ - ဆူ ရှိလေသည်။ ဤဘုရားရှင်များကို နှစ်ကျိပ်ရှစ်ဆူဘုရားများ ဟုခေါ်ဝေါ် ပူဇော်ကြပါသည်။
ဂေါတမ ဘုရားလောင်း ဗျာဒိတ်ခံယူသော ကမ္ဘာမှစ၍ ပွင့်တော်မူသော ဘုရားရှင်များ၏ အမည်တော်တို့ဖြစ်သည်။
(၁) တဏှင်္ကရာဘုရား - ဒုက္ကရစရိယာ ၇-ရက်၊ စရီးပင် (တောင်မရိုးပင်) ဗောဓိ၊ သက်တော်တစ်သိန်း နေတော်မူ၏။
(၂) မေဓင်္ကရာဘုရား-ဒုက္ကရစရိယာ ၁၅-ရက်၊ ပေါက်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၃) သရဏင်္ကရာဘုရား-ဒုက္ကရစရိယာ တလ၊ သခွတ်ပင် ဗောဓိ၊ သက်တော် ရှစ်သောင်း။
(၄) ဒီပင်္ကရာဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ညောင်ကြပ်ပင် ဗောဓိ၊ သက်တော် တစ်သိန်း။
(၅) ကောဏ္ဍညဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ ကြောင်လျှာပင် ဗောဓိ၊ သက်တော် တစ်သိန်း။
(၆) မင်္ဂလဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၇) သုမနဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၈) ရေ၀တဘုရား-ဒုက္ကရစရိယာ ၇-လ၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ခြောက်သောင်း။
(၉) သောဘိတဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၁၀) အနောမဒဿီဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ ထောက်ကြံ့ပင် ဗောဓိ၊ သက်တော် တစ်သိန်း။
(၁၁) ပဒုမဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ကြောင်လျာပင် ဗောဓိ၊ သက်တော် တစ်သိန်း။
(၁၂) နာရဒဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ကြောင်လျာပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၁၃) ပဒုမုတ္တရဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ထင်းရူးပင် ဗောဓိ၊ သက်တော် တသိန်း။
(၁၄) သုမေဓာဘုရား-ဒုက္ကရစရိယာ ၁၅-ရက်၊ ထိန်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၁၅) သုဇာတဘုရား-ဒုက္ကရစရိယာ ကိုးလ ၊ ၀ါးပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၁၆) ပီယဒဿီဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ ရေခတက်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၁၇)အတ္တဒဿီဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ စကားပင် ဗောဓိ၊ သက်တော် တစ်သိန်း။
(၁၈) ဓမ္မဒဿီဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ လိပ်ဆူးရွှေပင် ဗောဓိ၊ သက်တော် တစ်သိန်း။
(၁၉) သိဒ္ဓတ္ထဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ မဟာလှေကားပင် ဗောဓိ၊ သက်တော် တစ်သိန်း။
(၂၀) တိဿဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ပိတောက်ပင် ဗောဓိ၊ သက်တော် တစ်သိန်း။
(၂၁) ဖုဿဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ သျှိသျှားပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၂၂)၀ိပဿီဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ သခွတ်ပင် ဗောဓိ၊ သက်တော် ရှစ်သောင်း။
(၂၃) သိခီဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ သရက်ဖြူပင် ဗောဓိ၊ သက်တော် ခုနစ်သောင်း။
(၂၄) ဝေဿဘူဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ အင်ကြင်းပင်ဗောဓိ၊ သက်တော် ခြောက်သောင်း။
(၂၅) ကကုသန်ဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ကုက္ကိုပင် ဗောဓိ၊ သက်တော် လေးသောင်း။
(၂၆) ကောဏဂုံဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ ရေသဖန်းပင် ဗောဓိ၊ သက်တော် သုံးသောင်း။
(၂၇) ကဿပဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ပညောင်ပင် ဗောဓိ၊ သက်တော် နှစ်သောင်း။
(၂၈) ဂေါတမဘုရား-ဒုက္ကရစရိယာ ခြောက်နှစ်ကြာ၊ ညောင်ဗုဒ္ဓဟေပင်ရင်း၌ ပွင့်တော်မူသည်၊ သက်တော် ရှစ်ဆယ် နေတော်မူသည်။
နှစ်ကျိပ်ရှစ်ဆူ ဘုရားရှစ်ခိုး
တ မေ သ ဒီ ကော မံ သု ရေ ၊ သော အ ပ နာ ပ ၊ သု သု ပိ။
အ ဓံ သိ တိ ဖု ၀ိ သိ ဝေ ၊ က ကော က ဂေါ နမာမဟံ ။
ထူးခြားချက်
နှစ်ကျိပ်ရှစ်ဆူသော ဘုရား ကိုယ်တော်မြတ်များသည် တနင်္ဂနွေသား (၄) ဆူ ၊တနင်္လာသား(၄)ဆူ …(၇)နေ့ မှာ ၄-ဆူစီ အတိအကျ ဖြစ်နေကြသည်။
တနင်္ဂနွေ သား (၄) ဆူ - မေဓင်္ဂရာ ၊ သောဘိတ ၊ ပိယဒဿီ ၊ သိခီ ။
တနင်္လာ သား (၄) ဆူ - သရဏှင်္ဂရာ ၊ အ နောမဒဿီ ၊ အတ္ထဒဿီ ၊ ဝေဿဘူ ။
အင်္ဂါ သား (၄) ဆူ - ဒီပင်္ကရာ ၊ ပဒုမုတ္တရ ၊ ဓမ္မဒဿီ ၊ ကကုသန် ။
ဗုဒ္ဓဟူး သား (၄) ဆူ - ကောဏ္ဍည ၊ နာရဒ ၊ သိဒ္ဓတ္ထ ၊ ကောဏဂုံ ။
ကြာသပတေး သား(၄) ဆူ - မင်္ဂလ ၊ ပဒုမုတ္တရ ၊ တိဿ ၊ ကဿပ ။
သောကြာ သား (၄) ဆူ - သုမန ၊ သုမေဓာ ၊ ဖုဿ ၊ ဂေါတမ ။
စနေ သား (၄) ဆူ - တဏှင်္ကရာ ၊ ရေ၀တ ၊ သုဇာတာ ၊ ၀ိပဿီဘုရား ။
(၇) ရက်သား/သမီး ဘုရားရှိခိုး
ကိုယ့်နေ့သား ဘုရားရှင်တွေကို သီးသန့်ရှိခိုးပူဇော်ချင်လျင်-
တနင်္ဂနွေနေ့ဖွား
မေဓင်္ဂရော ၊ သောဘိတောစ ၊
ပိယဒဿီ ၊ သိခီဇိနော ၊
ရ၀ိဝါရေ ၊ အဘိဇာတာ ၊
တေ နမဿမိ သာဒရံ
နမေနာနေန ကမ္မေန
ပေါရဏကံ ၀ါနဿတု
စတုန်နံ ဗုဒ္ဓတေဇေန
သဒါ သုခီ ဘ၀န္တုမေ ။
——————————————————- တနင်္လာနေ့ဖွား
သရဏှင်္ဂရာ ၊ နောမာစ၊
အတ္ထဒဿီစ ၊ ဝေဿဘူ ။
စန္ဒ ၀ါရေ ၊ အဘိဇာတာ ၊
တေ နမဿမိ သာဒရံ
နမေနာနေန ကမ္မေန
ပေါရဏကံ ၀ါနဿတု
စတုန်နံ ဗုဒ္ဓတေဇေန
သဒါ သုခီ ဘ၀န္တုမေ ။
——————————————————- အင်္ဂါ နေ့ဖွား
ဒီပင်္ကရော ၊ ပဒမောစ ၊
ဓမ္မဒဿီ ၊ ကကုသန္ဓော ၊
ဘောမ ၀ါရေ ၊ အဘိဇာတာ ၊
တေ နမဿမိ သာဒရံ
နမေနာနေန ကမ္မေန
ပေါရဏကံ ၀ါနဿတု
စတုန်နံ ဗုဒ္ဓတေဇေန
သဒါ သုခီ ဘ၀န္တုမေ ။
——————————————————- ဗုဒ္ဓဟူး နေ့ဖွား
ကောဏ္ဍညော ၊ နာရဒေါ သတ္တာ ၊
သိဒ္ဓတ္ထ ၊ ကောဏဂမနာ ။
ဗုဒ္ဓ ၀ါရေ ၊ အဘိဇာတာ ၊
တေ နမဿမိ သာဒရံ
နမေနာနေန ကမ္မေန
ပေါရဏကံ ၀ါနဿတု
စတုန်နံ ဗုဒ္ဓတေဇေန
သဒါ သုခီ ဘ၀န္တုမေ ။
——————————————————- ကြာသပတေး နေ့ဖွား
မင်္ဂလော ၊ ပဒုမုတ္တရော ၊
တိဿနာထောစ ၊ ကဿပေါ ။
ဂုရု ၀ါရေ ၊ အဘိဇာတာ ၊
တေ နမဿမိ သာဒရံ
နမေနာနေန ကမ္မေန
ပေါရဏကံ ၀ါနဿတု
စတုန်နံ ဗုဒ္ဓတေဇေန
သဒါ သုခီ ဘ၀န္တုမေ ။
——————————————————- သောကြာနေ့ဖွား
သုမနော ၊ သုမေဓာ ဗုဒ္ဓေါ ၊
ဖုဿ ဇိနောစ ၊ ဂေါတမော ။
သုက္က ၀ါရေ ၊ အဘိဇာတာ ၊
တေ နမဿမိ သာဒရံ
နမေနာနေန ကမ္မေန
ပေါရဏကံ ၀ါနဿတု
စတုန်နံ ဗုဒ္ဓတေဇေန
သဒါ သုခီ ဘ၀န္တုမေ ။
——————————————————- စနေ နေ့ဖွား
တဏှင်္ကရော ၊ ရေ၀တောစ ၊
သုဇာတောစ ၊ ၀ိပဿီကော ၊
သောရီ ၀ါရေ ၊ အဘိဇာတာ ၊
တေ နမဿမိ သာဒရံ
နမေနာနေန ကမ္မေန
ပေါရဏကံ ၀ါနဿတု
စတုန်နံ ဗုဒ္ဓတေဇေန
သဒါ သုခီ ဘ၀န္တုမေ ။
(၇) ရက်သား/သမီး ဘုရားရှိခိုး(မြန်မာပြန်)
တနင်္ဂနွေနေ့ဖွားအတွက်-
(၁) မေဓင်္ဂရော ၊ သောဘိတောစ ၊
ပိယဒဿီ ၊ သိခီဇိနော ၊
ရ၀ိဝါရေ ၊ အဘိဇာတာ ၊
တေ နမဿမိ သာဒရံ
(၂) နမေနာနေန ကမ္မေန
ပေါရဏကံ ၀ါနဿတု
စတုန်နံ ဗုဒ္ဓတေဇေန
သဒါ သုခီ ဘ၀န္တုမေ ။
(၁)မာရ် ငါးပါး ကို အောင်မြင်တော်မူပြီးသော (မေဓင်္ဂရာ မြတ်စွာဘုရား ၊ သောဘိတ မြတ်စွာဘုရား ၊ ပိယဒဿီ မြတ်စွာဘုရား ၊ သိခီ မြတ်စွာဘုရား) တို့သည် (တနင်္ဂနွေနေ့)တွင် ဖွားမြင်တော်မူခဲ့ကြကုန်၏ ။ ထို (တနင်္ဂနွေနေ့ဖွား) ရှင်တော်မြတ် ဘုရားတို့ကို တပည့် တော်သည် ရိုသေစွာဖြင့် ဦးညွတ်ရှိခိုးပါ၏ အရှင်ဘုရား ။
(၂)ထိုသို့ ဦးညွတ် ရိုကျိုးရှိခိုးရခြင်းအကြောင်းကြောင့် ရှေးကစီမံ မကောင်းကံသည် အမှန်ကွယ်ပျောက် ကောင်းကျိုးရောက်ပါစေသတည်း ။ထိုလေးဆူကုန်သော(တနင်္ဂနွေနေ့ဖွား) ရှင်တော်မြတ် ဘုရားတို့၏ တန်ခိုးတေဇော် အာနုဘော်တော်ကြောင့် တပည့်.တော်အား အခါခပ်သိမ်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းစင်စစ် ဖြစ်ပါစေ သတည်း ။
(ကျန်နေ့များ ထို့အတူ သင့်တော်သလိုပြောင်းပြီးမှတ်ရန်)
ဘုရားရှင်တို့၏ ဥာဏ်တော်များနှင့် အသုံးချတော်မူပုံ
(၁) အကြောင်းဟုတ်၊မဟုတ်ကို သိသော ဌာနာဌာန ကောသလ္လ ဥာဏ်တော် (သတ္တ၀ါ တစ်စုံတစ်ယောက် အာသဝေါတရား ကုန်နိုင်၊မကုန်နိုင်(သို့) ရဟန္တာ ဖြစ်နိုင်၊မဖြစ်နိုင်ကို ဤဥာဏ်ဖြင့် ဆင်ခြင်တော်မူသည် ။)
(၂)ကောင်းကျိုး ၊ မကောင်းကျိုး ကို သိသော ၀ိပါက ဥာဏ်တော် (ပုဂ္ဂိုလ်တစ်ယောက်တွင် ဈာန်၊မဂ်ဖိုလ်ရမှု၌ အန္တရာယ် (အဟိတ် ၊ ဒွိဟိတ်ပဋိသန္ဓေနေမှု ) ရှိ၊ မရှိကို ဤဥာဏ်ဖြင့် ဆင်ခြင်တော်မူသည် ။)
(၃)သတ္တ၀ါတို့လားရာ ၊ရောက်ရာကို သိသော သဗ္ဗတ္ထ ဂါမိနီပဋိပဒါ ဥာဏ် (ပုဂ္ဂိုလ်တစ်ယောက်တွင် ဈာန်၊မဂ်ဖိုလ်ရမှု၌ ပဉ္စာနန္တိရိယကံ ရှိ၊ မရှိ ကို ဤဥာဏ်ဖြင့် ဆင်ခြင်တော်မူသည် ။)
(၄) အထူးထူးသော ဓာတ်သဘောများကို သိသော အနေကဓာတု နာနာဓာတု ဥာဏ်တော် ( အထက်ပါ ဥာဏ်(၃)မျိုးနဲ့ ကြည့်ပြီး အန္တရာယ်ကင်းပါမှ ကျွတ်နိုင် ချွတ်နိုင်သော စရိုက်နှင့် ကိုက်ညီမည့် တရားဟော (၀ါ) ကမ္မဋ္ဌာန်းပေးရန် ဤဥာဏ်ဖြင့် ဆင်ခြင်တော်မူသည် ။)
(၅) သတ္တ၀ါတို့၏ ဆန္ဒအလိုကို သိသော နာနာဓိမုတ္တိက ဥာဏ် (သတ္တ၀ါတို့၏ နှလုံးသွင်းတတ်မှု သဘောထားကို သိပြီး သင့်လျော်သောတရားဟောရန် ဤဥာဏ်ဖြင့် ဆင်ခြင်တော်မူသည် ။)
(၆) လူတို့၏ ဣနြေ္ဒအနုအရင့်ကို သိသော ဣနြ္ဒိယပရောပရိယတ္တဥာဏ် (သတ္တ၀ါတို့၏ သဒ္ဓါတရားကောင်း၊မကောင်း ကို ဤဥာဏ်ဖြင့် ဆင်ခြင်တော်မူသည် ။)
(၇) ဈာန်၊၀ိမောက္ခ ၊ သမာဓိ ၊သမာပတ် စသည်တို့၏ ညစ်ညူးကြောင်းကို သိသော ဈာန၀ိမောက္ခ သမာဓိ သမာပတ္တိဥာဏ် တော် (ဤဥာဏ်ဖြင့် ဆင်ခြင်တော်မူပြီးမှ ချွတ်သင့် သည်ဆိုလျှင် သေးကွာသော အရပ်သို့ပင် ကြွရောက် တော်မူပါသည် ။)
(၈)ရှေးဖြစ်ဟောင်း ၊ဘ၀ခန္ဓာဖြစ်စဉ်ကို သိသော ပုဗ္ဗေနိဝါသာနုဿတိဥာဏ် ( ရှေးဘ၀ဖြစ်စဉ်နှင့် အထုံ ၊ပါဂမီစသည်တို့ကို ဤဥာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်တော်မူသည် ။)
(၉) သတ္တ၀ါတို့၏ ပဋိသန္ဓေနေခြင်း ၊ စုတေခြင်း တို့ကို သိသော စုတူပပါတ (၀ါ) ဒိဗ္ဗစက္ခု ဥာဏ်တော် ( သတ္တ၀ါတို့၏ လက်တလောစိတ်ဖြစ်စဉ်ကိုလဲ ဤဥာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်တော်မူသည် ။)
(၁၀) အာသဝေါတရား ကုန်ရာဖြစ်သော အာသ၀က္ခယ ဥာဏ်တော် (သတ္တ၀ါတို့ အား အရဟတ္တမဂ် တရားပေါက်အောင် တရားဟောရန်အလို့ငှာ ဤဥာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်တော်မူသည် ။)
ဘုရားရှင်တို့၏ တူသောအချက်များ
ဘုရားရှင်တို့၏ တူသော အချက်များ (၃၀) ရှိပါသည် ။
(၁) အလောင်းတော်သည် နောက်ဆုံးသောဘ၀၌ မိခင်ဝမ်းကြာတိုက်တွင် ပဋိသန္ဓေ နေတော်မူသည်။ (ဒီမှာထူးခြားတာက နတ်ပြည်ကနေ စုတေကြတာပဲ ဖြစ်ပါတယ် ။ အလောင်းတော်တွေဟာ ဗြဟ္မာပြည်ကနေ စုတေပြီး ပဋိသန္ဓေ နေတော်မူတာမျိုးမရှိပါဘူး..တဲ့ ။ ဘာလို့လဲဆိုတော့ ဗြဟ္မာပြည်ကနေ လာရင် ကာမဂုဏ်ကို ရွံမုန်းတဲ့စိတ် အထုံ လူ့ပြည်ကို ပါလာမယ် ။ အိမ်ထောင်ပြုမှာ မဟုတ်ဘူး ။ (တချို. အပျိုကြီး ၊ လူပျိုကြီး တွေလဲ ဗြဟ္မာပြည်က လာလို့ အိမ်ထောင်မပြုတာလို့ ပြောတာပဲ…ဤကားစာကြွင်း)
အလောင်းတော်တွေဟာ ဒီလို စောစောစီးစီး ကတည်းက ကာမဂုဏ်ကို ရွံမုန်းနေရင်လည်း မဇ္စိမပဋိပဋာ လမ်းစဉ်ကို တွေ့ဖို့ခက်မယ် လို့ ဆိုပါသည် ။
(၂) မယ်တော်ဝမ်း၌ ထက်ဝယ်ပလ္ဘင်ဖွဲ့ခွေ၍ အရှေ့သို့ မျက်နှာမူပြီး နေပါသည် ။ (အလောင်းတော်တွေဟာ သာမန်လူ သန္ဓေသားတွေလို အမိဝမ်းမှာ ပြောင်းပြန်မနေပါ။ အတည့်ပဲနေပါသည်။ မယ်တော်ရဲ. ၀မ်းဗိုက်ဟာလည်း ပူထွက်လာခြင်းမရှိပါ ။ မယ်တော်ဟာ ကိုယ့်သားကို ဗိုက်ကနေ ကောင်းကောင်းမြင်နေရပါသည်။ ချင်ခြင်းတပ်ခြင်း ၊ နာကျင်အော့အန်ခြင်း မရှိပါ ။ အလောင်းတော်တွေဟာ မယ်တော်တွေကို ကိုယ်ဝန်ဆောင်ခြင်းဒုက္ခ မပေးကြပါ ။)
(၃) အလောင်းတော်ကို မတ်တတ်ရပ်လျက် ဖွားသည် ။ (ညစ်ပေမှု မရှိပါ ၊ မိခင်လည်း ကျန်းမာစွာ ရှိရပါသည် ၊ နောက် (၇) ရက်မှာတော့ မိခင် ကံတော်ကုန်ရပါသည် ။ သကျသာကီဝင် ဆိုသည်မှာ ပင်ကိုယ်စွမ်းရည်ရှိသူဟု အဓိပ္ပာယ်ရသည့်အတိုင်း မွေးမွေးခြင်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပါသည် ။ စောင့်ကြည့်နေကြသော နတ်၊ဗြဟ္မာတွေတောင် မျက်လုံးပြူးကုန်ကြသည်ဟု ဆိုသည်။(ဤကား။ အရှင် ဥာဏိသာရ၏ အဟော)
(၄) တောအရပ်၌သာ ဖွားတော်မူပါတယ်။
(၅) ဖွားပြီးပြီးခြင်း မြောက်အရပ်သို့ ခြေ (၇)လှမ်းကြွကာ…“ဤလောက၌ ငါသာ အမြတ်ဆုံးတည်း ၊ ငါ၏ နောက်ဆုံး ပဋိသန္ဓေ နေရခြင်းတည်း ၊နောက်ထပ် ပဋိသန္ဓေ နေစရာ မလိုတော့ပြီ ”ဟု ကြုံးဝါးတော်မူပါသည်။ (ထိုကာလတွင် အကိုးကွယ်ခံ ဘ၀သို့ ရောက်မှန်းမသိရောက်နေသော ဗြဟ္မာတွေကို အသိပေးကြုံးဝါးခြင်း ဟုဆို၏။ ဂေါတမ ဘုရားလောင်းသည် (၃) ဘ၀၌ ဖွားစမှာပင် စကားပြော၏ ။ မဟောသဓာ ၊ ဝေဿန္တရာ နှင့် နောင်ဆုံးဘ၀ -(သုခမှတ်စု))
(၆) သူအို၊သူနာ၊သူသေ ၊ရဟန်း နိမိတ် (၄)ပါးမြင်၍ သား(၁)ယောက်ဖွားသော ညမှသာ တောထွက်တော်မူကြသည်။ (ထိုနိမိတ်ပြသော နတ်သားကို ဘုရားလောင်း၏ ဆရာ ၅-ယောက် တွင် ၁-ယောက် အပါအ၀င်ဟု သတ်မှတ်သည်။)
(၇) အရဟတ္တဖိုလ်၏ တံခွန်ဖြစ်သော ရဟန်းအဖြစ်ကို ရယူပြီးမှ ဒုက္ကရစရိယကျင့်သည်။ (အရဟတ္တဖိုလ်၏ တန်ဖိုးသည် ရဟန်းမှ မည်သည့် အမျိုးနှင့်မျှ မတန်ဟုဆိုသည်။ လူဝတ်ကြောင် မှ အရဟတ္တဖိုလ်ရလျှင်လည်း ရဟန်းဝတ်ချင်ဝတ်၊ မ၀တ်ချင်လျှင် ပရိနိဗ္ဗာန်စံဝင်ကြရသည်။)
(၈) ဘုရားဖြစ်မည့်နေ့ နွားနို့ဃနာဆွမ်း ဘုန်းပေးတော်မူကြသည်။ (ထိုဆွမ်းတွင် နတ်သြဇာပါတတ်ပြီး ဘုရားဖြစ်ပြီး (၇) ပတ် ၊ (၄၉) ရက်စာ အာဟာရဖြစ်သည်။ ဘုရားရှင်၏ ၀မ်းထဲတွင် အစာခြေလဲ မမြန် ၊ မြန်မြန်လဲ မဆာလောင်ပဲ သမာပတ်ဝင်စားခြင်း ၊ တရားတော်များကို ဆင်ခြင်သုံးသပ်ခြင်းများ အတွက် ကောင်းစွာ ထောက်ပံ့သည်။)
(၉) မြက်အခင်းတွင် ထိုင်တော်မူလျက် ဘုရားဖြစ်သည်။
(၁၀) အာနပါန ကမ္မဌာန်းကို စီးဖြန်းတော်မူကြသည်။ (ဘုရားရှင်တို့သည် အာနပါန ကမ္မဌာန်းဖြင့်သာ သဗ္ဗညုတဥာဏ်တော်ကို ရရှိကြသောကြောင့် ဂေါတမ ဘုရားရှင်သည်လည်း အာနပါန ကိုလွန်စွာ ချီးမွမ်းတော်မူသည်။ မဟာသတိပဌာနသုတ် ( ဒီ-၂ ၊ ၃၁ )၊ မဟာသတိပဌာနသုတ် ( မ-၁ ၊ ၇၀ )၊ တတိယပါရာဇိက ပါဠိ ( ၀ိ-၁ ၊ ၈၉ )၊ အာနာပါနဿတိ သုတ် ( မ-၃ ၊ ၁၂၂ )၊ မဟာရာဟုလောဝါဒသုတ် ( မ-၂ ၊ ၈၈ )၊ ကာယဂတာသတိသုတ် ( မ-၃ ၊ ၁၃၀ ) တို့၌ ဟောတော်မူခဲ့သည်။)
(၁၁) မာရ်စစ်သည်ကို အောင်တော်မူသည် ။
(၁၂) ဗောဓိပလ္လင်၌သာ ၀ိဇ္ဇာ(၃)ပါးစသော ဆအသာဓာရဏ …အစရှိသော ကျေးဇူးတရားအပေါင်းကို ရတော်မူကြပါသည်။
(၁၃) ဗောဓိပင်ရဲ. ထက်ဝန်းကျင်၌သာ သတ္တ သတ္တာယ(၇) ဌာန ကျင့်တော်မူကြသည်။
(၁၄) တရားဦးဟော စိမ့်သောငှာ ဗြဟ္မာမင်းက လျှောက်ရသည် ။ ၇-သတ္တဟ အပြီး ၅၀-ရက်မြောက်နေ့မှာ အဘယ်သူအား တရားဟောရမည်နည်း ၊ အဘယ်သူသည် ခက်ခဲနက်နဲသော ဤတရားများကို ခေတ်ကာလ၏ အယူဝါဒများမှ ခွဲထွက်၍ လျင်မြန်စွာ နားလည်နိုင်မည်နည်း ဟုဆင်ခြင် ကြည့်တော်မူပါသည်။ ဆင်ခြင်တဲ့ နေရာတွင် ဘုရားရှင်များသည် ပကတိမျက်စိကိုပဲ သုံးတော်မူကြတယ်လို့ ဟောသည်။ ပကတိမျက်စိနှင့် ကြည့်တော့ ပထမမှာ ဒီလောက် ခက်ခဲနေတဲ့ တရားတွေကို နားလည်သဘောပေါက်ပြီး စောစောစီးစီး တရားထူးရမယ့် သူကိုမတွေ့ဘူးလို့ ဆိုသည်။ ကိလေသာထူပြောလွန်းတဲ့ လောကကို တရားမဟော၊ တစ်ကိုယ်တည်း ဖိုလ် ချမ်းသာနဲ့ နေတော့မယ် ဆိုတဲ့ စိတ်အကြံလည်း ဖြစ်လာသည်။ ထိုအခါ ဗြဟ္မာမင်းက တရားဦးဟောရန်လျှောက်ရသည်။ ဂေါတမဘုရားရှင်ကိုတော့ မဟာသဟမ္ပတိ ဗြဟ္မာမင်းက တောင်းပန်သည် လို့ဆိုပါသည်။ ဒီဃနိကယ် မှာ ၀ိပဿီ ဘုရားရှင်လည်း ဒီလို ဖြစ်ခဲ့သည်ဟု အတိအလင်း ရေးထားသည်။)
(၁၅) ဣတိပတနမိဂဒါဝုန်တော ၌သာ ဓမ္မစကြာတရားဦးကို ဟောတော်မူကြသည်။
(၁၆) တပို့တွဲလပြည့်နေ့ ၌သာ ပါတိမောက် ပြတော်မူကြသည်။
(၁၇) ဇေတ၀န်မည်သော ကျောင်းတော်၌သာ သီတင်းသုံးကြသည်။ (ပိဋကတ်တော်တွင် (၁၄) ၀ါမြောက်၊ ( ၂၁ ) ၀ါမှ ( ၄၄ ) ၀ါ အထိ (၂၅) ၀ါ ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးပါသည်။ ဇာတိမြေ ကပိလ၀တ်မှ နိဂြောဓာရုံကျောင်းမှာ(၁၅) ၀ါမြောက် တစ်ဝါသာ သီတင်းသုံးတော်မူပါသည်။)
(၁၈) သာဝတ္ထိမြို့၌သာ ယမိုက်ပြာဋိဟာ ပြတော်မူပါသည်။ ( ယမိုက်+ပြာဋိဟာ = အစုံစုံ + တန်ခိုး ။ ရေအစုံ၊ မီးအစုံ ဟုဆိုအပ်သော အစုံလိုက် အစုံလိုက် ဖြစ်ပေါ်စေသော တန်ခိုးတော် )
(၁၉) တာဝတိသာ၌သာ အဘိဓမ္မာတရားဟောသည်။
(၂၀) သင်္ကဿနဂိုရ်ပြည်၌သာ နတ်ပြည်မှ သက်တော်မူပါသည်။
(၂၁) ဖလသမာပတ်ကို မပြတ်ဝင်စားတော်မူပါသည်။
(၂၂) နံနက်အခါ ၊ ညဉ့်အခါ တို့၌ ကျွတ်ထိုက်သော ဝေနေယျကို ကြည့်ရှုတော်မူပါသည်။ (နေ့ (၃) ခါ ၊ ည (၃)ခါ ..၆ ခါ ကြည့် ပါသည်။)
(၂၃) အကြောင်းရှိမှ ၀ိနည်းတရားတို.ကို ပညတ်တော်မူပါသည်။ ( ဒီဝိနည်းတွေကို စောစောကတည်းက ကြိုထုတ်ထားရင် ဘယ်သူမှ ရဟန်းဝတ်ရဲ/၀တ်ချင်မှာ မဟုတ်ဘူးဟု ဆိုသည်။ ထို့ကြောင့် ဖြစ်စဉ်ပေါ်လာမှ စည်းကမ်းထုတ်ခြင်း ဖြစ်သည်။)
(၂၄) အတ္ထုပ္ပတ္တိ နဲ့ တိုက်ဆိုင်မှုရှိလျှင် အတိတ်မှ ဇာတ်တရားများကို ဟောသည်။
(၂၅) ဆွေတော် ၊ မျိုးတော်တို့၏ အစည်းအဝေး တရားပွဲများတွင် ဗုဒ္ဓ၀င် ကိုသာဟောတော်မူကြသည်။
(၂၆) ဧည့်သည်ရဟန်းတို့နှင့် တရားစကား ပြောတော်မူကြသည်။
(၂၇) ဒါယကာတို့ ဖိတ်၍ ၀ါဆိုတော်မူသော် ၊ ၀ါကျွတ်လျှင် ဒါယကာတို့ အားပန်ကြားပြီးမှ သာ ထွက်ခွာကြွသွားတော်မူကြသည်။
(၂၈) နေ့စဉ် အခါခပ်သိမ်း ဗုဒ္ဓကိစ္စငါးပါး ကို ပြုတော်မူသည်။
(၂၉) ပရိနိဗ္ဗာန်ပြုအံ့သောနေ့၌ သားပြွမ်းဆွမ်းကို ဘုဉ်းပေးတော်မူသည်။ (မြတ်စွာဘုရား နောက်ဆုံးဘုန်းပေးတဲ့ဆွမ်းသည် ၀က်သား (၀က်ပျိုသား) ( မဟာအဋ္ဌကထာ၊ PDS dictionary အရ ) နဲ့ မှို ဆိုပြီး (၂)မျိုး ရှိနေသည်။ ပါဠိလို “သူကရမက္တ၀” လို့ခေါ်တဲ့ အရာ(ဘောဇဉ်) ကို ဘုရားရှင် ဘုန်းပေးခြင်းဖြစ်သည်။ ကမ္ဘာပေါ်မှာ ပါဠိ-အင်္ဂလိပ် အဘိဓာန် ၁ ခုကလွဲရင် အခြားသော ဘာသာပြန်တွေမှာ မှို လို့ပဲ အဓိပ္ပါယ် ဖွင့်ကြသည်။ အားလုံး အဘိဓာန် (၅)ခုက ဘာသာပြန်ထားသည်။ မှို ၊ ဆေးပေါင်းစုံဟင်း ၊နူးညံ့လှစွာသော မကြီးမငယ် ၀က်သား၊ ၊မျှစ် (ဥဒါန်းအဋ္ဌကထာအရ)၊ နွားနို့နဲ့ ချက်ထားတဲ့ ထမင်းစားဖွယ် စသည် (၅)မျိုး ရှိနေပါသည်။ မြန်မာဆရာတော်တွေက ထိုရာသီမှာ မှို မပွင့်သေးလို့ ၀က်သားကိုပဲ ယူသည်။ နိုင်ငံတကာမှာကတော့ မှိုကို ယူကြသည်။ အခါမဟုတ်မှိုကို ဘုန်းပေးပြီးတော့ အဆိပ်သင့်တာလို့ ဆိုကြသည်။ ထို့ကြောင့် “သူကရမက္တ၀”ဟာ ဘာသာပြန်ကွဲလွဲမှုရှိနေသည်။ ဘုရားရှင်တို့၏ တူရာ အချက် (၃၀) အရ သားပြွမ်းဆွမ်း ဘုဉ်းပေးတော်မူရမယ်ဆိုတော့ ၀က်သား ဟု ပြောရမှာပါ။)
(၃၀) သမာပတ်ဝင်စားပြီးမှ ပရိနိဗ္ဗာန်ပြုတော်မူသည်။http://kovida.multiply.com/journal/item/97

Sunday, September 27, 2009

ဒါတွေကိုမမေ့မှ စိတ်ချမ်းသာမယ်

(၁) ငါဟာ ငါ့ဘ၀မှာ အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့မိသားစုဘ၀မှာလည်း အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့အသိုင်းအ၀ိုင်းမှာလည်း အရေးပါတဲ့သူ ဖြစ်တယ်။ ဘာတွေလုပ်ပေးနိုင်လို့ အရေးပါတာလဲ။ ဘာမှ ထူးထူးခြားခြား လုပ်ပေးနိုင်လို့မဟုတ်ပါဘူး။ သွားရင်းလာရင်းနဲ့ စိတ်ချမ်းသာစရာလေးတွေကို ငါ ပြောနိုင်တယ်။တစ်ခါတလေ ကိုယ်တတ်နိုင်တဲ့အကူအညီ ပေးနိုင်တယ်။ ငါ့ကြောင့် နည်းနည်းလေးဖြစ်ဖြစ် စိတ်ချမ်းသာမှု ရစေချင်တယ်။ငါ့ဘ၀မှာ ငါဟာ အရေးအပါဆုံးလူ မဟုတ်ရင် ဘယ်သူက ငါ့ဘ၀မှာ အရေးအပါဆုံး ဖြစ်မလဲ။ ငါဟာ ဘာမှ အသုံးမကျတဲ့သူလို့ ငါ့ကိုယ်ငါ သဘောထားရင် ဘယ်လိုလုပ် စိတ်ချမ်းသာမလဲ။ ဘယ်လိုလုပ် စိတ်အားတက်မလဲ။(၂) ငါ ဘယ်သူ့ကိုမှ ဒုက္ခမပေးမိအောင် သတိထားတယ်။ တစ်ယောက်ကိုတစ်ယောက်ဒုက္ခပေးနေကြရင် ဒီလောက်လူတွေများတဲ့ လောကကြီးမှာ ဘယ်နေလို့ ဖြစ်တော့မလဲ။ဒါကြောင့် စိတ်ချမ်းသာမှုမပေးနိုင်ရင် ရှိပါစေတော့ စိတ်ဆင်းရဲမှုတော့မပေးမိအောင် သတိထားပါတယ်။(၃) ဒီနေ့ဟာ အရေးအကြီးဆုံးနေ့ပဲ။ ဒီနေ့ကို တန်ဖိုးထားမှ နေ့တိုင်းတန်ဖိုးရှိတဲ့နေ့ ဖြစ်မယ်။ နေ့တိုင်း တန်ဖိုးရှိတဲ့နေ့ဖြစ်မှ ငါ့ဘ၀ဟာတန်ဖိုးရှိတဲ့ဘ၀ဖြစ်မယ်။ ဒါကြောင့် ဒီနေ့ တန်ဖိုးရှိတာ လုပ်မယ်။ပညာရှာမယ်။ မိတ်ဆွေကောင်းရှာမယ်။ စိတ်ချမ်းသာအောင် နေမယ်။ မွေးနေ့မှာHappy Birth Day ပျော်ရွှင်စရာမွေးနေ့လို့ ပြောကြတယ်။ပျော်လည်းပျော်ကြတယ်။ နေ့တိုင်း အဲဒီလို ပျော်လို့ မဖြစ်ဘူးလား။မဖြစ်နိုင်စရာအကြောင်း ဘာရှိသလဲ။ နေ့တိုင်း မွေးနေ့လို့ သဘောထားမယ်။(၄) ဒီနေ့လုပ်ရမယ့် အလုပ်တွေကို အကောင်းဆုံးဖြစ်အောင် လုပ်မယ်။ လူတွေကိုအကောင်းဆုံးသဘောထားနဲ့ ဆက်ဆံမယ်။ ငါနဲ့တွေ့ရတဲ့ လူတွေဟာ ငါ့လိုပဲ ဘ၀ကိုရုန်းကန်ပြီး နေသွားကြတယ်။(၅) ကိုယ်တတ်နိုင်တာကို ပျော်ပျော်ရွှင်ရွှင် စိတ်ပါလက်ပါ၊ ရိုးရိုးသားသားစေတနာနဲ့ လုပ်မယ်။ မတတ်နိုင်တာကို မတတ်နိုင်ဘူးလို့ သဘောထားမယ်။ အဲဒီလိုမတတ်နိုင်တဲ့အတွက်ကြောင့် စိတ်ဆင်းရဲမခံဘူး။(၆) ဒီနေ့ အကူအညီလိုတဲ့ ငါ့မိတ်ဆွေတစ်ယောက်ကို အကူအညီပေးမယ်။ လူ့ဘ၀မှာတစ်ဦးကိုတစ်ဦး အကူအညီပေးပြီးနေသွားမှ အားလုံး အဆင်ပြေမယ်။ ငါကလည်းဘယ်သူ့ကိုမှ အကူအညီမပေးဘူး။ ဘယ်သူ့ဆီကမှလည်း အကူအညီ မယူဘူး ဆိုပြီးနေလို့ မဖြစ်ဘူး။(၇) ငါ ခင်သလို ငါ့ကို မခင်ကြဘူးလို့ အပြစ် မတင်ဘူး။ သူတို့ မခင်တာဟာငါ့အတွက် စိတ်ဆိုးစရာ မဟုတ်ဘူး။(၈) ` အပ္ပမာဒေန သမ္ပာဒေထ` လို့ ဘုရား နေ့တိုင်း ဟောကြား သတိပေးတာကိုမမေ့ဘူး။ အရေးးအကြီးဆုံး သတိပေး ဟောကြား မှာထားခဲ့တာကို နေ့တိုင်းအားထုတ်မယ်။ နေရာမရွေး အချိန်မရွေး သတိနဲ့နေမယ်။ ဒါတွေကို မမေ့မှစိတ်ချမ်းသာမယ်။(၉) ဒီနေ့ဟာ ငါ တကယ်နေရတဲ့နေ့ပဲ။ ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှုဟာ အပြင်မှာမရှိဘူး။ အတိတ်မှာ မရှိဘူး။ အနာဂတ်မှာ မရှိဘူး။ အခု ပစ္စုပ္ပာန်မှာပဲရှိတယ်။ ငါ့ကိုယ်ကိုငါ ကျေနပ်နေတယ်။ ငါ့ဘ၀ကိုငါ ကျေနပ်နေတယ်။ငါ့စိတ်ချမ်းသာမှုဟာ ငါ့တာဝန်ပဲဆိုတာ ငါသိတယ်။ ငါစိတ်ချမ်းသာနေမှငါနဲ့တွေ့ရတဲ့သူတွေကို စိတ်ချမ်းသာမှု ပေးနိုင်မယ်။ အနည်းဆုံးတော့ ငါ့အပြုံးဟာ လှိုက်လှဲတဲ့အပြုံး ဖြစ်စေရမယ်။(၁၀) ငါဟာ ငါ့ရဲ့ အကောင်းဆုံးမိတ်ဆွေဖြစ်နိုင်သလို အဆိုးဆုံးရန်သူလည်းဖြစ်နိုင်တယ်။ သူများက ငါ့ကို နေရာမရွေး အချိန်မရွေး ဒုက္ခမပေးနိုင်ဘူး။
ငါ့စိတ်ကိုငါ မထားတတ်ရင် အချိန်မရွေး နေရာမရွေး စိတ်ဆင်းရဲနိုင်တယ်။ငါ့စိတ်ကို ငါသိလို့ စိတ်ထားတတ်ရင်လည်း နေရာမရွေး အချိန်မရွေးစိတ်ချမ်းသာနိုင်တယ်။(၁၁) ဘယ်လိုသဘောထားရင် စိတ်ချမ်းသာမယ်။ ဘယ်လိုတွေးရင် စိတ်ချမ်းသာမယ်။ဘာလုပ်ရင် စိတ်ချမ်းသာမယ်။ ဘယ်သူနဲ့ပေါင်းရင် စိတ်ချမ်းသာမယ်ဆိုတာကိုအမြဲ လေ့လာရမယ်။ စိတ်ချမ်းသာတဲ့သူတွေကို လေ့လာမယ်။ အဆင်ပြေနေတဲ့သူတွေကိုလေ့လာမယ်။(၁၂) ကိုယ့်ဘ၀ ကိုယ့်နေရာ ကိုယ့်အခြေအနေကို ဘယ်သူနဲ့မှ မလဲချင်ဘူး။လဲချင်နေရင် စိတ်ဆင်းရဲနေတယ်။ ငါ့ဘ၀ကို ငါ ကျေနပ်တယ်။ ဘယ်သူ့ဘ၀နဲ့မှမလဲနိုင်ဘူးဆိုရင် စိတ်ချမ်းသာတယ်။(၁၃) ကိုယ့်ကို သူများ ချီးမွမ်းတဲ့အခါ နှစ်သက်ပါတယ်။ ဒါပေမယ့် အဲဒါသိပ်အရေးကြီးတယ်လို့ သဘောမထားဘူး။ ချီးမွမ်းတာခံရဖို့ မလုပ်ဘူး။ ကိုယ်စိတ်ဝင်စားတာ၊ ကိုယ်ဝါသနာပါတာ၊ ကိုယ်လုပ်ချင်တာကို လုပ်တယ်။ ချီးမွမ်းရင် ကျေနပ်ပါတယ်။ဒါပေမယ့် ငါလုပ်တာကို ချီးမွမ်းမှာလား၊ ကဲ့ရဲ့မှာလားလို့ မတွေးဘူး။(၁၄) ငွေ ဘယ်လောက်လိုချင်တယ်လို့ မတွေးတော့ဘူး။ ဒီအလုပ်လုပ်ရင်ငွေဘယ်လောက်ရမလဲလို့ မတွေးဘူး။ ဒီအလုပ်ကို ချစ်လို့ လုပ်တယ်။(၁၅) ကိုယ့်စိတ်မှာဖြစ်တဲ့ ခံစားမှုနဲ့ပတ်သတ်ပြီး ဘယ်သူ့မှာမှ တာဝန်မရှိဘူး။ ငါ့စိတ်ကိုငါ ချမ်းသာအောင် ထားနိုင်တယ်။ငါ့စိတ်ချမ်းသာမှုကို သူများ ဖျက်ဆီးလို့ မရဘူး။ ငါစိတ်မချမ်းသာရင် အဲဒါဘယ်သူ့မှာမှ တာဝန်မရှိဘူး။ ငါ့စိတ်ချမ်းသာမှုဟာ ငါ့တာဝန်ပဲ။ငါဒုက္ခရောက်တာ သူတို့ကြောင့်လို့ တွေးသလား။ အဲဒီလို တွေးနေရင် စိတ်ဆင်းရဲနေတယ်။ စိတ်ချမ်းသာတဲ့သူ မဖြစ်သေးဘူး။ ငါ့စိတ်မှာဖြစ်တဲ့ခံစားမှုအတွက် ငါ့မှာပဲ တာဝန်ရှိတယ်။ ဘယ်သူ့ကိုမှ အပြစ်တင်ဖို့မလိုဘူး။ အဲဒီလို သဘောထားကိုပြတ်ပြတ်သားသား ထားနိုင်တဲ့သူဟာ စိတ်ချမ်းသာတဲ့သူ။ ငါ့ကို စိတ်ဆင်းရဲအောင် လုပ်ကြတယ်။ ငါ့ကို စိတ်ဆင်းရဲအောင် မလုပ်ကြနဲ့လို့ပြောတဲ့သူဟာ စိတ်ဆင်းရဲနေတဲ့သူ။စိတ်ချမ်းသာအောင်နေတတ်သူတွေမှာ ရှိတဲ့ အချင်းအရာ လက္ခဏာတွေဟာ ဘာတွေလဲ။စိတ်ချမ်းသာအောင် နေတတ်တဲ့သူဟာBoldness: သတ္တိရှိတယ်။ ဆုံးဖြတ်ရဲတယ်။ ပြောရဲတယ်။ လုပ်ရဲတယ်။Brightness: အသိဉာဏ် တောက်ပြောင်တယ်။Cheerfulness: ရွှင်လန်းတယ်။Common sense: ပင်ကိုယ်ဉာဏ်ရှိတယ်။Confidence: ကိုယ့်ကိုယ်ကို ကိုယ် ယုံကြည်မှုရှိတယ်။Control: မိမိကိုယ်ကို ထိန်းသိမ်းနိုင်တယ်။ အခြေအနေကို ထိန်းသိမ်းနိုင်တယ်။Enthusiasm: စိတ်အားထက်သန်တယ်။ တက်ကြွတယ်။Forgiveness: ခွင့်လွှတ်နိုင်တယ်။Friendliness: ခင်ခင်မင်မင် ဆက်ဆံတတ်တယ်။Gratitude: ကျေးဇူးသိတတ်တယ်။ တန်ဖိုးထားတတ်တယ်။ အသိအမှတ်ပြုတယ်။Joyousness: ကြည်လင်ရွှင်လန်းတယ်။Kindness: ကြင်နာတတ်၊ ညှာတာတတ်တယ်။Mental fitness: စိတ်ဓာတ် ကြံ့ခိုင်တယ်။Optimist: အကောင်းမြင်တယ်။ အဖြစ်ကိုမြင်တယ်။ အပြုသဘောရှိတယ်။Patience: စိတ်ရှည်တယ်။ စောင့်ထိန်းနိုင်တယ်။Peacefulness: စိတ်ငြိမ်းချမ်းတယ်။Power: စိတ်စွမ်းအားကြီးတယ်။Productiveness: အလုပ်များများလုပ်နိုင်တယ်။Wisdom: ဉာဏ်ပညာရှိတယ်။ဒီအရည်အချင်းတွေ ဒီဂုဏ်တွေကြောင့် စိတ်ချမ်းသာတဲ့သူဟာအခက်အခဲတွေကို ရင်ဆိုင် ကျော်လွှားနိုင်တယ်။ အခက်အခဲကို ရင်ဆိုင်ဖြေရှင်းရတာကို သဘောကျတယ်။