လူတိုင်း လူတိုင်းမှာ အိပ်မက် သို့မဟုတ် မေ့ပျောက်လို့မရတဲ့ အဖြစ်အပျက်ဆိုတာ ရှိကြသည်။ ကျွန်တော်လည်း ဟိုး ငယ်ငယ်လေးကတည်းက မေ့ပျောက်လို့ မရတဲ့ အဖြစ်အပျက်လေးတစ်ခု ရှိခဲ့လေသည်။ အဲဒီ အဖြစ်အပျက်က ကျွန်တော့်ဘ၀ရဲ့ အတိတ်ကို ပြန်တွေးတိုင်း တရေးရေး ပြန်ပေါ်နေလေသည်။ ကျွန်တော့်ဘ၀ရဲ့ တွေ့ကြုံဖြစ်ပျက် လာခဲ့သမျှ အဓိပ္ပါယ် ရှိချင်သည်။ ဘ၀ရဲ့ အတွေ့အကြုံတွေ ထဲက သင်္ခန်းစာတစ်ခု ကျွန်တော်လိုချင်နေခဲ့သည်။ ကျွန်တော် မြွေဖမ်းဘူးတယ်၊ ဂျီဖမ်းဘူးတယ်၊ တောဝက်ထောင်ဘူးတယ်။ မြွေက ဘယ်နေရာမှာ ဖမ်းဘူးသလဲ ဆိုတော့ ကျွန်တော်တို့ရွာက တောင်ခြေရင်း မှာပါ။ တောင်တန်းရှည် နှစ်လုံး၊ သုံးလုံးက ကျွန်တော်တို့ရွာရဲ့ အရှေ့ဘက်ခြမ်းမှာ တည်ရှိပါသည်။ နွေရာသီ ကျောင်းပိတ်လို့ ရှိရင် တောင်ပေါ်ခြံထဲကို တစ်ပတ်ကို သုံးလေးခေါက်လောက် သွားရသည်။ ရာဘာပင်တွေဆီကို ခြုံတွေရှင်းသွားရသည်။ မနက် ၈ နာရီထိုးလောက် ထမင်းကြမ်းစားပြီး တောင်ပေါ်ကို အစုလိုက်အပြုံလိုက် တစ်ယောက်ကို ဓားတစ်လက်နဲ့ ပုဆိုးကွင်းသိုင်းလေးနဲ့ပါ။ တောင်ပေါ်ခြံတွေကို ရောက်လို့ ရွာဘက်ကို လှမ်းကြည့်လိုက်ရင် လယ်ကွင်းတွေက မျက်စေ့တစ်ဆုံးပါပဲ။
တောင်ထိပ်က ခြံကိုရောက်တာနဲ့ ခြုံတွေကို စခုတ်ကြတော့တာပဲ။ တစ်ယောက်နဲ့ တစ်ယောက် အသံတွေ ဘာတွေပေး စကြပြောင်ကြရင်းနဲ့ပေါ့။ ခြုံတွေထဲက မီးစိုက်လို့ရတဲ့ ဟာတွေကို ရွာပြန်ရင် ထမ်းဆင်းသွားကြတာပါ။ နေ့လယ် ၁၁ နာရီလောက်ဆိုရင် အိမ်ပြန်ကြလေသည်။ စမ်းချောင်းတစ်ခုကို ရောက်တော့ ပါလာတဲ့ ထင်းစည်းတွေကိုချ၊ ငါးမိနစ်လောက် အနားယူ အပမ်းဖြေပေါ့။ တစ်ချို့က မျက်နှာတွေ ဘာတွေသစ်၊ တစ်ချို့က ရေတွေချိုး။ ခုံပေါက် ဆော့ကစားကြ ပါတော့သည်။ ဆော့ကစားကြ၊ ရေကူးကြ၊ ဒိုင်ပင်ထိုးကြ အဲလိုနဲ့ မြွေကြီးတစ်ကောင်က စမ်းချောင်းရဲ့ တစ်ဖက်ကမ်းကို ဖြတ်သွားနေသည်ကို အားလုံး မြင်တွေ့ကြလေတော့သည်။ ဟာ ဟိုမှာ မြွေကြီး မြွေကြီး.. အဲဒီမြွေက အဆိပ် မရှိဘူးတဲ့။ တစ်ယောက်က လင်းမြွေတဲ့။ တစ်ယောက်က စပါးကြီးတဲ့။ တစ်ယောက်က စပါးအုံးတဲ့။ အဲဒါနဲ့ ကျွန်တော်က ပြေးသွားပြီး သွားဖမ်းတာ. အမြီးကိုတော့ မိပါရဲ့ မြွေက တအားရုန်းတော့ ဆွဲလို့တောင် မနိုင်ဘူး။ အဲဒါနဲ့ လွတ်သွားပါလေတော့သည်။ မြွေကပဲ အကောင်ကြီးတာလား၊ လူကပဲ အကောင်သေးတာလား မြွေအားနဲ့ လူအား မမျှတာပဲ ဖြစ်မှာပါ။ စွန်းစားခန်းတွေ မို့လို့ အခုအချိန်အထိ အမှတ်ရနေဆဲ။
ဂျီဖမ်းတာလည်း ဒီလိုပါပဲ။ ဒီတစ်ခါကျတော့ သစ်သီးတွေ လိုက်ခူးစားရင်းနဲ့ တောင်ပေါ်ခြံတွေမှာ စုံဘရပ်သီး၊ ငှက်ပျောသီး၊ သစ်သိုသီး၊ မရမ်းသီး၊ ဆိတ်ချေးသီး၊ ကနစိုးသီး၊ သရက်သီး၊ ဆောင်းရာသီနဲ့ နွေရာသီဆိုရင် သစ်သီးတွေက စုံတယ်။ တစ်ခြံဝင် တစ်ခြံထွက် လိုက်တိုးသွားရတာ၊ တိုးရင်း ဆင်းရင်းနဲ့ ဂူရှိတဲ့နေရာကို ရောက်သွားသည်။ တောကြက်တစ်ကောင်က ဖျတ်ဖျတ် ဖျတ်ဖျတ်နဲ့ ပျံသွားတဲ့ အသံကိုကြားတော့ ကျွန်တော်က ဘာသံလဲကွာ၊ လိုက်ပတ်ကြည့်တာ ဂျီတစ်ကောင်က အိပ်ယာထ ခေါင်းထောင်ပြီး ဟိုကြည့် ဒီကြည့် ဖြစ်နေတယ်။ အဲဒါနဲ့ သူငယ်ချင်းတွေကို လှမ်းခေါ်ဖို့ ဆိုတာလည်း အသံကြားသွားလို့လည်း မဖြစ်၊ အို ဘာဖြစ်ဖြစ် ဆိုပြီး စိတ်ထဲကတော့ ခြေထောက်ဖြစ်ဖြစ်၊ အမြီးဖြစ်ဖြစ် ဆွဲထားမယ်ပေါ့။ ပြီးရင် တစ်ယောက်ယောက်ကို လှမ်းခေါ်မယ်ပေါ့။ အဲဒါနဲ့ အနောက်ကနေ အသာလေးသွားပြီး၊ အမြီးကိုဆွဲတာ ဂျီက ထခုန်ပြီး လွှားခနဲဆို လွတ်သွားပါလေရော။ ဟာ မိသာ မိသွားရင်တော့ ပျော်စရာကြီးကွာ၊ မောတာပဲ အဖတ်တင်တယ်၊ မမိခဲ့ပြန်ပါဘူး။
တောဝက်ကျတော့ မလေးရှား စရောက်တုန်းက ဆောက်လုပ်ရေး အလုပ် စလုပ်ရပါတယ်။ ဆောက်လုပ်ရေးတွေက တောတွေ တောင်တွေနား မှာပါ။ မလေးရှားမှာက တောစပ်၊ တောင်စပ်တွေ နားမှာတောင်မှ တောဝက်၊ မျောက်၊ ဖွတ်တွေ၊ တောကြက်တွေက အရမ်း ပေါမှပေါ။ ဆောက်လုပ်ရေး ဆိုတော့ မနက် ၇ နာရီထိုးလောက် အိပ်ယာထ၊ ပြီးရင် ရေမိုးချိုး၊ ထမင်း ချက်ပြုတ်၊ အလွယ်တကူ အလျင်အမြန် ချက်ပြုတ် စားသောက်ရတယ် ဆိုတော့ တစ်ခါလာလည်း ကြက်ဥကြော် တစ်ခါလာလည်း ကြက်ဥဟင်း၊ တစ်ခါလာလည်း ကြက်ဥနဲ့ ပဲနဲ့၊ ကြာလာတော့ ကြက်ရုပ် ပေါက်တော့မယ် ဆိုပြီး ငြီးငွေ့လာတယ်။ ဈေးဆိုင်ကလည်း နှစ်မိုင်လောက် ဝေးတယ် ဆိုတော့ အသွား အပြန်နဲ့တင် အလုပ်ဆင်းရတော့မှာ မဟုတ်ဘူး။ အင်ဒိုနီးရှား လူမျိုးတွေက အစား အသောက် ကောင်းကောင်း စားရတယ်။ သူတို့တွေက တောထဲသွားပြီး အမဲလိုက် ထွက်ကြတာလေဗျာ။ နေ့တိုင်းတော့ တောဝက်တို့၊ ဂျီတို့ ရတယ်။ ကျွန်တော်တို့ကလည်း သူတို့ကို အားကျပြီးတော့ ကျားဖမ်းမယ်၊ ဆင်ဖမ်းမယ်၊ တောဝက်ထောင်မယ် ဆိုပြီး၊ ညနေပိုင်း အလုပ်ပြီးတာနဲ့ တောထဲသွားပြီး တောဝက် သွားထောင်လိုက်တယ်။ အဲဒါနဲ့ တစ်နေ့ သွားကြည့်လည်း မမိ၊ နှစ်နေ့ သွားကြည့်လည်း မမိ၊ တစ်ပတ်လောက် သွားကြည့်လည်း မမိဆိုတော့ ရရာနဲ့ပဲ ကြက်ဥနဲ့ပဲ နှစ်ပါးသွားရ ပါတော့တယ်။ အင်ဒိုနီးရှား လူမျိုးတွေက ကျွန်တော်တို့ကို ကြည့်ပြီး သနားတယ်နဲ့ တူပါတယ်။ သူတို့ သထာလို့ပေးတဲ့ ၀က်ခေါင်း၊ ၀က်ခြေထောက်ကိုပဲ စွပ်ပြုတ်လုပ်ပြီး စားရပါတော့တယ်။
ငှက်ကျတော့လည်း ဟိုး ငယ်ငယ်လေး တုန်းကပါ။ နွေရာသီဆိုတော့ ဇီးသီးတွေ လိုက်ခူးစားရင်း လယ်ထဲဆင်းပြီး ငှက်လိုက်ပစ်တာ တစ်ခါတော့ ရေကန်ကြီး တစ်ကန်နားကို ရောက်သွားတယ်။ အဲဒီ ရေကန်ကြီး နားမှာက ထန်းပင်ကြီးတွေက ကန်ပေါင် ပတ်ပတ်လည်း ၀ိုင်းနေတာပဲ။ ထန်းပင်တွေရဲ့ ကြားမှာ သနပ်ပင်ကြီး တစ်ပင်ရှိသည်။ သနပ်ပင်ရဲ့ ခွကြားမှာ ဂျိုးတစ်ကောင် နားနေတာ မြင်တော့ အသာလေး လောက်စာသီးကို သေချာရွေး၊ လေးခွကို သေချာကိုင်၊ လူကို ထန်းပင်နဲ့ကွယ်၊ နွေရာသီဆိုတော့ နေလည်းပူ၊ လေပွေတွေကလည်း တိုက်၊ လေးခွကို သေချာချိန်ပြီး ပစ်လိုက်တယ်။ ကန်ရဲ့ ဟိုဘက်ခြမ်းနဲ့ ဒီဘက်ခြမ်းဆိုတော့ နည်းနည်းတော့ လှမ်းတာပေါ့။ သေချာချိန်ပြီး ပစ်လိုက်တော့ လောက်စာလုံးက ကန်လည်လည်း ရောက်သွားရော ငှက်က သူနားနေတဲ့ အကိုင်းခွကြားက ငှက်တစ်ကိုယ်စာ ခွကြားကနေ ထပျံသွားပါလေရော။ ပစ်လိုက်တဲ့ လောက်စာလုံးကလည်း ငှက်နားနေတဲ့ တစ်ကိုယ်စာလောက်ပဲ ရှိတဲ့ ခွကြားကို သွားမှန်တယ်။ ကလေး စိတ်ဆိုတော့ မကျေနပ်မှုတွေ ဖြစ်လာတယ်။ ကိုယ်က လေးခွကို ကိုင်ပြီး မပစ်လိုက်သေးတဲ့ အချိန်မှာ ငှက်က ပျံသွားတာ တစ်မျိုး၊ ကိုယ်က ပစ်လိုက်လို့ ငှက်နားနေတဲ့ တစ်ကိုယ်စာ နေရာကို မမှန်ဘဲ တခြားနေရာကို သွားမှန်တာက တစ်မျိုးပေါ့။ အခုဟာက ပစ်လိုက်လို့ လောက်စာသီးက ငှက်နားရောက်မှ ငှက်က ထပျံသွားတယ် ဆိုတော့ ကလေးစိတ်နဲ့ ဆိုတော့စဉ်းစားပြီး အတွေးတွေနယ်ချဲ့ နေလေတယ်။ အော် ငှက် ငှက် နင်ကံကောင်းသွားတာလား၊ ဒါမှမဟုတ် လေတွေကပဲ အရမ်းတိုက်နေလို့လား၊ ဒါမှမဟုတ် ငှက် ငါ့ကို တွေ့သွားတာလား၊ အော် ငှက် ပျံသန်းသွားနိုင်တဲ့ အတောင်ပံတွေရှိလို့ပေါ့၊ ဒါမှမဟုတ် ငှက်မှာ မျက်စေ့ပါလို့ သူ့အန္တရာယ်တွေကို သူ မြင်တွေ့သွားတာလား၊ ဒါမှမဟုတ်၊ ငှက်မှာ မျက်စေ့ရှိလို့ နားရှိလို့၊ အတောင်ပံရှိလို့ ခြေထောက်ရှိလို့၊ ငှက်တစ်ကောင်ရဲ့ အင်္ဂါအားလုံး ပြည့်စုံလို့ သူ့အန္တရာယ်ကနေ သူ လွတ်မြောက်သွား တာလား။ ဒါမှမဟုတ် ငှက်မှာ မပျံသန်းနိုင်လောက်တဲ့ အနာတွေ၊ ဒဏ်ရာတွေ ရှိနေမယ် ဆိုရင်ကော၊ ဒါမှမဟုတ် ငါကပဲ ညံ့တာလား၊ အဲဒီအချိန်က ကလေးတစ်ယောက် ဆိုတော့ တွေးချင်တာတွေ လိုက်တွေး နေတော့တာလေ။
အခုလို ကြီးလာမှ လောကဓံ မုန်တိုင်းတွေ အကြိမ်ပေါင်းများစွာ ရင်ဆိုင်လာရတော့ အဲဒီ အဖြစ်အပျက်လေးကို သွား သတိရမိသည်။ လေမုန်တိုင်းတွေရဲ့ အန္တရာယ်၊ လူတွေရဲ့ အန္တရာယ်တွေကို ကာကွယ်ဖို့ ငှက်တွေက အသက် တစ်ချောင်းကိုသာ ဘေးမသီ ရန်မခ ကာကွယ်ဖို့ ငှက်တွေမှာ မျက်စေ့ရှိတယ်၊ နားရှိတယ်၊ ငှက်တွေရဲ့ အင်္ဂါ ပြည့်စုံတယ် ဆိုရင်ပဲ သူတို့ရဲ့ အသက် အန္တရာယ်တွေကို သူတို့ ကာကွယ်နိုင်ကြ တယ်လေ။ လေမုန်တိုင်းတွေက ဘယ်လောက် ကြမ်းကြမ်း၊ လူတွေရဲ့ အန္တရာယ်တွေက ဘယ်လောက် များများ၊ သူတို့ အစာ မငတ်ကြပါဘူး။ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ ငှက်တွေမှာလည်း ရှိနေကြတာလား။ ငှက်တစ်ကောင်မှာ ငါဟာ ငှက်တစ်ကောင် ပီသတယ် ဆိုတဲ့ အတ္တတွေ၊ မာန်မာနတွေ၊ ယှဉ်ပြိုင်မှုတွေက ငှက်တွေမှာကော ရှိနေကြတာလား၊ ဘာပဲဖြစ်ဖြစ် ငှက်တွေမှာလည်း လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ၊ အတ္တတွေ၊ မာန်မာနတွေ၊ ယှဉ်ပြိုင်မှုတွေ ရှိနေရင်တော့ ငှက်တွေမှာလည်း အထိုက်အလျောက် အန္တရာယ်တွေ ရှိလိမ့်မယ်လို့ ထင်မိသည်။ ဒါပေမယ့် ငှက်တွေမှာ အသိတရား မရှိဘူး၊ ဉာဏ်ပညာ မရှိဘဲနဲ့ သူတို့ရဲ့ အသက်ကို သူတို့ ဘာတွေနဲ့ ကာကွယ်ခဲ့ကြသလဲ။ ငှက်တွေဟာ ခန္ဓာကိုယ် အင်္ဂါ ပြီးပြည့်စုံတယ် ဆိုရင်ပဲ သူတို့ လိုရာခရီးကို သူတို့ ပျံသန်းသွားနိုင်ကြတယ်။ ကျွန်တော်တို့ရဲ့ ဘ၀မှာရော ကျွန်တော်တို့ရဲ့ လိုရာခရီးက ဘယ်လဲ၊ ဘယ်အထိလဲ၊ ဘယ်မှာ ဆုံးမလဲဆိုတာ ကျွန်တော့်ကိုယ် ကျွန်တော် ပြန်မေးကြည့်မိသည်။ ကျွန်တော်တို့ရဲ့ လိုရာခရီးက ကျွန်တော်တို့ရဲ့ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ၊ လိုအင်ဆန္ဒ တွေကြောင့်သာ အန္တရာယ်တွေ များတာပါ။ ကျွန်တော်တို့ရဲ့ လိုအင်ဆန္ဒတွေကြောင့် မဆုံးတဲ့ ခရီးရှည်ကို ကျွန်တော်တို့ ပျံသန်းနေခြင်းသာ ဖြစ်သည်။ အဲလောက်ထိ အန္တရာယ်တွေကြားက မမောမပန်းဘဲ တိုက်ခိုက်လာရတဲ့ အရာတစ်ခုဟာ လောကကြီးကို အကျိုးမပြုနိုင်ဘူး၊ မိဘ မောင်နှမတွေကို အကျိုး မပြုနိုင်ဘူး။ ကျွန်တော်တို့ရဲ့ လိုအင်ဆန္ဒ တစ်ခုတည်းအတွက်သာ ဆိုရင် ကျွန်တော်တို့ မောပန်းခြင်းသာ အဖတ်တင်ပေလိမ့်မည်။
ဘယ်လို အကျိုးဖြစ်ဖြစ် ကျွန်တော်တို့ ကောင်းကျိုး တစ်ခုခုပြုဖို့သာ ကျွန်တော်တို့ ပျံသန်းရခြင်းသည် အဓိပ္ပါယ် ရှိလိမ့်မည်။ ကျွန်တော်တို့ ကောင်းကျိုး တစ်ခုခု ပြုနိုင်ဖို့၊ ကျွန်တော်တို့ ပန်းတိုင်ကို ရောက်ဖို့၊ ကျွန်တော်တို့ လိုရာခရီးကို ပျံသန်းဖို့ ကျွန်တော် အသက်တစ်ချောင်းသာ လိုသည်။ ကျွန်တော် ကိုယ်လက်အင်္ဂါ ပြည့်စုံတယ် ဆိုရင်ပဲ ကျွန်တော်ဟာ ကံကောင်းတယ် လို့ပဲ မှတ်ယူသည်။ တစ်ချို့သော သူတွေဟာ လောကဓံရဲ့ အဆိုး အကောင်းတွေနဲ့ နဖူးတွေ့၊ ဒူးတွေ့ တွေ့ကြုံ ရင်ဆိုင်လာရရင် ကံကြမ္မာကို ယိုးမယ်ဖွဲ့ အပြစ်တင် ပြောဆိုတတ်ကြသည်။ တကယ်တမ်းတော့ ကျွန်တော်တို့ဟာ အသက်တစ်ချောင်းကို ပိုင်ဆိုင်ထားပြီး ကိုယ်လက်အင်္ဂါ ပြီးပြည့်စုံတယ် ဆိုရင်ပဲ ကံကောင်းနေတဲ့ လူတွေချည်းပဲ ဆိုတာ ကျွန်တော် မြင်ယောင်လာမိသည်။ တစ်ခါတစ်ရံမှာ ကျွန်တော်တို့ဟာ ဘာကောင်းကျိုး တစ်ခုခုမှ မပြုရသေးလို့၊ မပြုနိုင်သေးလို့ ငါ လောကကြီးမှာ ဘာမှ မပိုင်ဆိုင်သေးရပါလား၊ ငါလိုချင်တာ ဘာမှ မရသေးပါလား၊ မပြည့်စုံသေး ပါလားလို့ တွေးပြီး အားငယ်တတ်ကြသည်။ ကျွန်တော်တို့ရဲ့ လိုအင် ဆန္ဒတွေက များနေလို့သာ ကျွန်တော်တို့ လက်ရှိပိုင်ဆိုင်ထားရတဲ့ အရာတွေကို သတိ မထားမိတတ်ကြတာပါ။ ဘွဲ့တွေ၊ ရာထူးတွေ၊ ငွေတွေ၊ ပစ္စည်းဥစ္စာတွေကို ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်ဟာ မေတ္တာ၊ ကရုဏာ၊ စေတနာတွေကို မပိုင်ဆိုင်ထားဘူး ဆိုရင်ကော၊ မေတ္တာ၊ ကရုဏာ၊ စေတနာတွေရဲ့ တန်ဖိုးကို နားမလည်ထားဘူး ဆိုရင်ကော၊ မေတ္တာ၊ စေတနာ၊ ကရုဏာတွေ သူ့စိတ်ထဲမှာ မရှိဘူး ဆိုရင်ကော၊ ဘာဘွဲ့၊ ဘာရာထူး၊ ဘာငွေ၊ ဘာပစ္စည်း ဥစ္စာ တစ်ခုမှ မပိုင်ဆိုင် ထားရတဲ့ လူတစ်ယောက်မှာ မေတ္တာ၊ ကရုဏာ၊ စေတနာတွေကို သူ့စိတ်ထဲ၊ သူ့နှလုံးသားထဲ၊ သူ့အသိတရားထဲမှာ ရှိတယ်ဆိုရင်ကော၊ သူပိုင်ဆိုင်ထားရတဲ့ အရာတွေဟာ နည်းမှ မနည်းပဲ။
မေတ္တာ၊ ကရုဏာ၊ စေတနာတွေဟာ ငွေရှိမှ ဖန်တီး လုပ်ယူလို့ရတဲ့ အရာတွေမှ မဟုတ်တာ၊ ကျွန်တော်တို့ မိတကွဲ၊ ဖတကွဲ မွေးရပ်မြေကို ခွဲခွါပြီး သူများ တိုင်းပြည်မှာ အလုပ် လာလုပ်ကြတဲ့ သူတွေပါ။ ကျွန်တော်တို့ တစ်ယောက်အပေါ် တစ်ယောက် မေတ္တာ၊ ကရုဏာ၊ စေတနာတွေ ထားမယ် ဆိုရင်ကော၊ ဒီ့ထက်မက ကူညီမယ်၊ တိုင်ပင်မယ်၊ ဆွေးနွေးမယ်၊ ခွင့်လွှတ်မယ်၊ သည်းခံမယ်၊ သဘောထား ကြီးကြမယ် ဆိုရင် ကျွန်တော်တို့ဟာ တစ်ယောက်အပေါ် တစ်ယောက် ဘယ်လောက်အထိ အကျိုးပြုနေသလဲ ဆိုတာ နားလည်လာလိမ့်မယ်ဟု ထင်မိသည်။ မေတ္တာ၊ ကရုဏာ၊ စေတနာတွေဟာ နက်ရှိုင်းတယ်။ ထပ်တွေးမယ် ဆိုရင် ကမ္ဘာပေါ်မှာ ရှိနေတဲ့ နိုင်ငံတွေကို အုပ်ချုပ်နေတဲ့ လူတွေတိုင်းမှာ မေတ္တာ၊ ကရုဏာ၊ စေတနာတွေ သူတို့တွေတိုင်းမှာ ရှိကြမယ် ဆိုရင် ဒီကမ္ဘာပေါ်မှာ ဆင်းရဲပြီး မတိုးတက်တဲ့ နိုင်ငံဆိုတာ ရှိနိုင်ပါ့မလား၊ ငတ်ပြတ် မွဲတေနေတဲ့ သူတွေကော ရှိနိုင်ပါ့မလားလို့ ကျွန်တော် တွေးထင်မိရင် မှားသွားလေမလား။ လောကကြီးမှာ အသက်ရှင် ရပ်တည်နေတယ်၊ ကိုယ်လက်အင်္ဂါ ပြီးပြည့်စုံတယ်၊ မေတ္တာ၊ ကရုဏာ၊ စေတနာတွေကို ပိုင်ဆိုင်ထားရတယ် ဆိုရင် လောကကြီးမှာ ကျွန်တော်တို့ ဘာများ လိုနေသေးလို့လဲ။ ကျွန်တော်တို့ရဲ့ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေကြောင့်၊ ကျွန်တော်တို့ရဲ့ လိုအင်ဆန္ဒတွေကြောင့် ကျွန်တော်တို့ ခံစား ကြေကွဲနေကြရတယ်။ မေတ္တာ၊ ကရုဏာ၊ စေတနာတွေ ခေါင်းပါးလာတာနဲ့ အတူ၊ ကမ္ဘာကြီးက ပူနွေးလာတာနဲ့ အတူ၊ လူတွေရဲ့ လောဘ၊ ဒေါသ၊ မောဟတွေ များလာတာနဲ့ အတူ၊ ကိုယ်ကျင့်တရား အကျင့်စာရိတ္တ ပျက်ပြားလာတာနဲ့ အတူ၊ ကမ္ဘာလောကကြီးတစ်ခုလုံး ကပ်တွေ ဆိုက်လာတယ်။ ဘေးဆိုး၊ အန္တရာယ် ဆိုးတွေကို ရင်ဆိုင်လာရတယ်။ တွေ့ကြုံ ခံစားလာကြ ရတယ်။ ငလျင်ဒဏ်၊ လေမုန်တိုင်း ဒဏ်တွေကြောင့် မိဘမဲ့ ကလေးတွေ မက တစ်ဆွေ တစ်မျိုးလုံးပျောက်၊ ရွာလုံးပျောက်၊ မြို့လုံးပျောက် သေကြေ ပျက်စီးကြရတဲ့ ဘ၀တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ကျွန်တော်တို့ရဲ့ ဘ၀တွေဟာ ဘာများ ကြေကွဲစရာတွေ ရှိလို့လဲ။ ဒီလို ဘေးဆိုးတွေကနေ လွတ်နေလို့၊ ကပ်ဆိုး ဘေးဆိုးတွေကို ကျွန်တော်တို့ ရင်မဆိုင်ရလို့၊ မတွေ့ကြုံရလို့ အကယ်၍ ဒီလို အန္တရာယ်မျိုးတွေ ကျွန်တော်တို့အပေါ် ကျရောက်လာမယ် ဆိုရင် ကျွန်တော်တို့ အသက်တစ်ချောင်းသာ တောင့်တ လိုချင်တော့မှာပါ။
လူ့ဘ၀တစ်ခုကို ရလာပြီး လောကကြီးမှာ ဘာကြောင့်များ လောဘ၊ ဒေါသ၊ မောဟတွေ၊ ယှဉ်ပြိုင်မှုတွေ၊ မနာလို ၀န်တို အငြှိုးအတေး မာန်မာနတွေနဲ့ မစည်းလုံး မညီညာဘဲ ကိုယ့်ရဲ့လိုအင် ဆန္ဒတွေနဲ့ အတ္တတွေကို ဘာ့ကြောင့် ရှေ့တန်း တင်နေကြရတာလဲ ဆိုတာ စဉ်းစားလို့တောင် မရနိုင်ပါလား။ တကယ်တမ်းတော့ ကျွန်တော်တို့ဟာ သုတ၊ သီတင်း၊ ဗွီဒီယိုတွေကို ကြည့်ပြီး ဗဟုသုတ၊ အသိတရားတွေတော့ တိုးလာပါရဲ့၊ လောကကြီးမှာ အကောင်းအဆိုး ဒွန်တွဲနေသလို ပါပဲ၊ အကောင်းတွေ ရောက်လာသလို၊ အဆိုးတွေလည်း မတွေ့ မမြင်နိုင်တဲ့ အနောက်ကနေ အရိပ်လိုပဲ လိုက်လာပါတယ်။ တရားစာအုပ်ကို ဖတ်နေချိန်က ခံစားမှုက တစ်မျိုး၊ အင်တာနက် ပေါ်က ထွေရာလေးပါး စာတွေကို ဖတ်နေချိန်က ခံစားမှုက တစ်မျိုး၊ ကိုယ်မကြိုက် မနှစ်သက်တဲ့ အကြောင်းအရာတွေ၊ အမြင် မတူတာတွေ မြင်တွေ့ရတဲ့ အချိန်တွေမှာ စိတ်ရော နှုတ်ပါ မတည်ငြိမ်တာတွေ ဖြစ်လာတယ်။ ပြီးတော့ အပြစ်တင် ရှုတ်ချရတဲ့ အကြောင်းအရာတွေ ဆိုရင် ထင်းကနဲ ထင်းကနဲ ပေါက်ကွဲချင်စိတ်တွေ ပေါ်လာတယ်။ အမှန်တကယ်တော့ ဒီ အကြောင်းအရာတွေဟာ တစ်ချို့သော အကြောင်းအရာတွေဟာ ကျွန်တော်တို့နဲ့ ဘာမှ မဆိုင်ဘူး လို့လည်း ပြောလို့ရတယ်၊ သက်ဆိုင်ပါတယ် ဆိုတာတောင်မှ ဘာမှ မပြောပလောက် ပါဘူး။ သက်ဆိုင်ပါတယ်လို့ ဆိုခဲ့ရင်တောင် ကျွန်တော်တို့ ဘာမှ လုပ်ပေးလို့ မရတဲ့ အကြောင်းအရာတွေ အများကြီး ရှိတယ်။ အဲဒီတော့ လုပ်ပေးလို့ မနိုင်၊ လုပ်ပေးလို့ မရတဲ့ အကြောင်း အရာတွေ၊ ဘယ်လောက်မှ မသက်ဆိုင်တဲ့ အကြောင်းအရာတွေကို ကျွန်တော်တို့ရဲ့ စိတ်တွေထဲမှာ တိုးဝင် မွှေနှောက်နေလို့ ကျွန်တော်တို့ သောကတွေ၊ ဒေါသတွေ ပိုများလာရ ရှာတယ်၊ အမှန်တကယ်တော့ ကျွန်တော်တို့နဲ့ မသက်ဆိုင်တဲ့ အကြောင်းအရာ ကျွန်တော်တို့ မလုပ်ပေးနိုင်တဲ့ အလုပ်နဲ့ ကျွန်တော်တို့နဲ့ အမှန်တကယ် အစစ်အမှန် သက်ဆိုင်တဲ့ အကြောင်းအရာ၊ ကျွန်တော်တို့ အမှန်တကယ် လုပ်ရမယ့်အလုပ်၊ လုပ်နိုင်တဲ့ အလုပ်၊ လုပ်ကို လုပ်ရမယ့် အလုပ်ကိုပဲ လုပ်မယ်၊ စဉ်းစားမယ်၊ စိတ်ထဲ ထည့်မယ်၊ ခေါင်းထဲ ထည့်မယ်၊ အဲဒီလို မစစ်မှန်တဲ့ အကြောင်းအရာ မစစ်မှန်တဲ့ အလုပ်နဲ့ စစ်မှန်တဲ့ အကြောင်းအရာ၊ စစ်မှန်တဲ့ အလုပ်ကို ခွဲခြားကြည့်မယ် ဆိုရင် မစစ်မှန်တဲ့ အကြောင်းအရာ၊ မစစ်မှန်တဲ့ အလုပ်တွေကို ကျွန်တော်တို့ရဲ့ စိတ်တွေထဲက ထုတ်လိုက်မယ် ဆိုရင် ကျွန်တော်တို့ရဲ့ ရင်ထဲမှာ ဖြစ်ပေါ်နေတဲ့ သောကတွေ ဒေါသတွေ အများကြီး လျော့သွားလိမ့်မယ်လို့ ထင်မိသည်။ လောကကြီးမှာ အသက်ရှင် ရပ်တည်နေတယ်၊ ကိုယ်လက်အင်္ဂါ ပြီးပြည့်စုံတယ်၊ ဘ၀တစ်ခု အောင်မြင်ဖို့၊ ကိုယ့်ကိုယ်ကို ကျေနပ်ဖို့၊ ရည်မှန်းထားတဲ့ ပန်းတိုင်ကို ရောက်ဖို့၊ ကျွန်တော်တို့အပေါ် ကျရောက်လာတဲ့ လောကဓံ ရှစ်ပါးကို သေသေကြေကြေ ရင်ဆိုင် တိုက်ခိုက်လို့ ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ရင်တောင်၊ ရင်မဆိုင်နိုင်လို့ ကျရှုံးခဲ့ရင်တောင် ကျွန်တော်တို့ရဲ့ ဆုံးရှုံးမှုက အသက် တစ်ချောင်းတည်း ရှိသည်။ ကျွန်တော်တို့ ကျရှုံးခဲ့ရင်တောင် စွန့်လွှတ် ဆုံးရှုံးရမှာ အသက်တစ်ချောင်းပဲ ဖြစ်သည်။ ဒီကမ္ဘာပေါ်မှာ ရာထူးတွေ၊ ငွေတွေနဲ့ ပြည့်ဝ ချမ်းသာနေတဲ့သူတွေ အများကြီး။ ဘာသာခြားတွေ မပြောနဲ့ ထားဦး၊ ဗုဒ္ဓဘာသာ အမည်ခံပြီး ဒါန၊ သီလ၊ ဘာဝနာလည်း မသိ၊ မေတ္တာ၊ ကရုဏာ၊ စေတနာလည်းနည်း ဆိုတော့ အဲဒီလို လူတွေ အသက်တစ်ချောင်း ဆုံးရှုံးသွားရင် သူတို့ရဲ့ စွန့်လွှတ် ဆုံးရှုံးမှုက အများကြီး ဆိုတာ သူတို့ပဲ သိလိမ့်မည်။
မလေးရှားနိုင်ငံမှာ အောင်မြင်ကြီးပွား ချမ်းသာနေတဲ့ တရုတ်လူမျိုးတွေ အများကြီး၊ ဒါပေမယ့် သူတို့ နိုင်ငံရဲ့ ဘိုးဘွားရိပ်သာခေါ် လူအိုရုံတွေမှာ စောင့်ရှောက်မယ့် ၀န်ထမ်း မရှိတဲ့ အပြင်၊ အလုပ်ပါ လုပ်ရတယ်လို့ တရုတ် လူမျိုး တစ်ယောက်၊ နှစ်ယောက်ကို မေးကြည့်လို့ သူတို့ပြောလို့ သိရပါသည်။ ဒီလို အဖြစ်အပျက်တွေကို သိရလို့ ဒီလိုလူတွေကို အပြစ်တင် ရှုတ်ချဖို့မလို၊ ကျွန်တော်တို့ရဲ့ မေတ္တာ၊ ကရုဏာ၊ စေတနာသည် လူတိုင်းအတွက် ဖြစ်သည်။ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို နားလည် သဘောပေါက်တဲ့ လူတစ်ယောက်ရဲ့ ဘ၀ဟာ ဘယ်တော့မှ အရှုံး မရှိစေရဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ရဲ့ ၀ါဒသည် အရှုံးမရှိတဲ့ ၀ါဒ ဖြစ်သည်။ ရှုတ်ချတယ်၊ အပြစ်တင်တယ်ဆိုတဲ့ အလုပ်ဟာ ဘယ်အလုပ်မှ မကောင်းဘူးလို့ ထင်မိသည်။ ရှုတ်ချသူ၊ အပြစ်တင်သူ တစ်ယောက်ဟာ မိမိရင်ထဲမှာပဲ သောကတွေ၊ ဒေါသတွေ အရင် ပွားများစေသလိုပဲလို့ ကျွန်တော် မြင်ယောင်လာမိသည်။
မှတ်ချက်။ ။တစ်ခါတစ်ခါ လောကကြီးမှာ အသက်တစ်ချောင်းကို ပိုင်ဆိုင်ထားရတယ် ဆိုရင်ပဲ ကျွန်တော့်ဘ၀က ပြည့်စုံနေသလိုပဲလို့ ခံစားရသည်။ တစ်ချို့သူတွေဟာ ကံကြမ္မာကို ယိုးမယ်ဖွဲ့ အပြစ်တင် ပြောဆိုတတ်ကြတယ်၊ အမှန်တကယ်တော့ လောကကြီးမှာ အသက်ရှင် ရပ်တည်နေတယ်၊ ကိုယ်လက်အင်္ဂါ ပြီးပြည့်စုံနေတယ် ဆိုရင်ပဲ ကံကောင်းနေတဲ့ သူတွေချည်းပါပဲ။
[ ထိုက်ဦး]ညီကိုယ်ဖိုးသားကူညီရေးပေသည်။
မဟာဒုက္ခက္ခန္ဓသုတ်
2 months ago